««««« အလယ်မောင်း»»»»»
ရွာအဝင်လမ်းတွင် ဖုန်လုံးတလှိမ့်လှိမ့်ဖြင့် တဒိုင်းဒိုင်း မောင်းဝင်လာသည့် ထော်လာဂျီသံကြောင့် တစ်ရွာလုံး ဆူညံသွားသည်။ အိမ်ခြေ ရာဂဏန်းမျှသာ ရှိသော ရွာကလေးတွင် တခုခုဆိုလျှင် တမဟုတ်အတွင်း သတင်းစကား ပျံ့နှံ့သွားသည်ပင်။ ထော်လာဂျီမောင်းလို့ ရွာထဲဝင်လာသူက ကျွန်တော်တို့ ရွာရဲ့ ရွာဆော်ကြီးဟု တစ်ရွာလုံးက ခေါ်သော ကာလသားခေါင်း မောင်မြင့်။ ရွာကထွက်သွားတုန်းက ကားဝယ်မယ်ဆိုပြီး တစ်ရွာလုံး တစ်ညလုံး ကလေး၊ ခွေး မကျန် နားဆူအောင် ဆော်အောသွားတဲ့
ရွာဆော်ကြီး၊ အခုဝယ်လာတော့လည်း ထော်လာဂျီ။ ရွာဆော်ကြီးကရွာမှာ ရွာမျက်နာဖုံး
သူဌေးစားရင်ဝင်၊ သာရေးနာရေး ရှေ့ဆုံးက အမြဲထိပ်ကနေခဲ့သူ။ ဒါကြောင့်လည်း ရွာဆော်ကြီးအမည်တွင်နေသူ။ ငယ်အမည်ပျောက်ပြီးရွာဆော်ကြီး အမည်ရနေသူဖြစ်သည်။
ခုလည်းကားမဝယ်ပဲ ထော်လာဂျီဝယ်လာသည်။ ဘာတွေကြီးကြီးကျယ်ကျယ် ပြောဦးမယ် မသိ။
သူ့ထော်လာဂျီနောက်က ကလေးရောခွေးရော လိုက်လာ လိုက်ကြတာ တသီတတန်း ရှင်လောင်းလှည့်နေသလို။ လိုက်လာမှာပေါ့ သူထော်လာဂျီမောင်းလာတာလည်း ကြည့်ဦးလေ။ မောင်းလာပုံက ဟိုခွေ့ဒီခွေ့ဖြစ်နေပုံက နွားရိုင်းတစ်ကောင် ရွာထဲဝင်လာလို့ ခွေးဝိုင်းဆွဲသဖြင့် ပက်ပြေးနေသလိုဖြစ်နေတော့ နောက်ကလိုက်လာတဲ့ ကလေးတသိုက်က တဝါးဝါး၊ တဟားဟား၊ ခွေးတွေကတော့ မမြင်ဘူးတဲ့ အထူးအဆန်း သတ္တဝါတစ်ကောင်ကို မြင်လိုက်ရလို့ သဲသဲမဲမဲ လိုက်ဟောင်နေတာကိုး။
ထော်လာဂျီက တည့်တည့်မသွား
မောင်းလာတဲ့ လမ်းတစ်လျှောက်က ခြံစည်းရိုးတော်တော်များများလည်း ဝင်သမ လာပုံ အလျော်တောင်းရန်အတွက့် လိုက်လာသူတွေက တစ်စု။
"ဟိုက် ... တိုက်ပဟ "
"ဒုန်း...... ဝုန်း"
"ဟိုက် ..လဲ ...လဲပြီ"
"ဟေ့ကောင် "
" ငါ့ခြံစည်းရိုး တိုက်မိသွားပြီကွ"
" ရပါတယ်.. ကိုရင်ထွန်းခင်ရာ"
" ဟိုမှာ တွေ့လား၊ နောက်ကအဖွဲ့နဲ့သာ လိုက်ခဲ့တော့"
ဟန်ကျပြီ ခြံစည်းရိုးကလည်း နောက်နှစ်ဆို လဲရတော့မှာ၊ ဂွင်လေးကြုံတုန်းသမလိုက်မှ၊ လက်ကျန်လေးပါ လှဲပလိုက်မယ်။
"ွရွာဆော်ကြီးရာ ... ထော်လာဂျီမောင်းတာ ဖြေးဖြေးလုပ်မှပေါ့၊ အခုတော့ အကုန်တိုက်မိကုန်ပြီကွာ၊ ပြန်ပြင်ခိုင်ရရင်လဲ တစ်ရွာတည်းသားချင်းမကောင်းဘူး"
ကိုရင်ထွန်းခင် ပြောပြောဆိုဆို လဲနေတဲ့ခြံစည်းရိုး မသလိုလိုဟန်ဆောင်ကာ ကျန်တာလေးပါ ဆွဲလှဲပစ်လိုက်သည်။
" ဟာ လဲပကွာ၊ အကုန်ကို လဲကုန်တာကွ"
"ရတယ် ကိုရင်ထွန်းခင်လုပ်မနေနဲ့
အကုန်အသစ်ပြန်လုပ်ပေးမယ်"
"အေးကွာ အားတော့နာတယ်၊ ကိုယ့်တစ်ရွာတည်းသားချင်းဆိုတော့၊ ပြန်လုပ်ပေးမယ် ဆိုတော့လည်း၊ ကျေးဇူးတင်ပါတယ်ကွာ"
"ဒါနဲ့ မင်းပြောသွားတော့၊ ကားသွားဝယ်တာဆို၊ အခုဘယ်နှယ် ထော်လာဂျီကြီးဝယ်လာရတာလဲ"
" ဟုတ်တယ် ကိုရင်ထွန်းခင်ရေ"
" အစသွားတုန်းက ထော်လာဂျီဝယ်ဖို့ အစီစဉ်မရှိပါဘူး၊ ရွာနဲ့ မြို့ကို လိုင်းလေးပြေးပေးဖို့၊ ကားလေးဝယ်မလို့ပဲဗျာ၊ ကျုပ်တို့ ရွာမှာကသိတဲ့အတိုင်းပဲ မြို့ကိုဈေးဝယ်သွားဖို့၊ ကားလမ်းမ ရောက်အောင် လှည်းနဲ့တဆင့်သွားရသေးတာမလား၊ ကားလမ်းရောက်လို့ မပြီးသေးဘူး၊ မြို့ကိုဈေးသွားဝယ်ပြီးရင်လည်း တစ်ခါလှည်းနဲ့ ကားလမ်းမှာစောင့်ကြိုရသေးတယ်၊ အဲဒီလို ပို့လိုက်ကြိုလိုက်နဲ့ အလုပ်တွေရှုပ်လွန်းလို့ ကားလေးဝယ်ပြီး ရွာနဲ့မြို့ကို ပြေးမလို့ ကားသွားဝယ်တာဗျာ"
" ဒါဆိုရင် မင်းက ကားမဝယ်ပဲ၊ ဘာလို့ ထော်လာဂျီကြီးဝယ်လာ ရတာလဲကွ"
" ဒီလိုဗျ ကျုပ်မြို့ကို ရောက်ပြီး ကားပွဲစားတမ်းကို မြို့ကကျုပ်အသိနဲ့ ကားသွားရှာတယ်၊ ကားတွေလည်း တွေ့ပါတယ်၊ ဝယ်မယ်ဆိုဝယ်ရပြီ၊ ခက်တာက ကားပွဲစားတွေဗျ"
~~~ ~~~ ~~~ ~~~~
ရွာဆော်ကြီးတစ်ယောက် ကားဝယ်မယ်ဆိုပြီးမြိုတက်လာခဲ့သည်။ ကားပွဲစားတန်းထဲ အသိတစ်ယောက်အကူအညီနှင့် ကားတစ်စီးပြီးတစ်စီး စိတ်ကြိုက်လိုက်ကြည့်သည်။ စိတ်တိုင်းကျ ကားတွေတော့တွေ့သည်။ မဝယ်ဖြစ်။ မဝယ်ဖြစ်ဆို ဒီကားကြိုက်လို့ဝယ်မယ်လုပ်တော့ ပွဲစားတစ်ယောက်က
" အကိုအဲကားမဝယ်နဲ့၊ အဲကားကညာမောင်းကြီးဗျ"
"ညာမောင်းကဘာဖြစ်လို့လဲဆိုတော"
့" အကိုမသိဘူးလား နောက်ဆိုလမ်းပေါ်မှာ ဘယ်မောင်းတွေပဲ နေရာယူတော့မယ်လေ၊ အစိုးရက ဘယ်မောင်းတွေပဲ တင်သွင်းခွင့်ပြုတော့မယ်တဲ့၊ အကိုဝယ်ပြီးလို့ ပြန်ရောင်ချင်ရင် ရောင်းရခက်မှာစိုးလို့ စေတနာနဲ့ ပြောတာပါ၊ အကိုဝယ်ချင်လဲဝယ်ပါ"
ဟိုကားကြိုက်လို့ဝယ်မယ်လုပ်တော့လည်း ပွဲစားပဲ။
" အကို အဲဒီကားကထိထားတာ၊ အဲဒီကားလိုပုံစံတူရှိတယ်။ ကားကဘာမှပြောစရာမရှိဘူး အလတ်ကြီး၊ အကုန်အော်တွေကြီးပဲ"
ကားဝယ်လက်လုရင်း ပွဲစားအချင်းချင်း စကားများကုန်သည်။ ကားတွေးလည်း တစ်စီးပြီးတစ်စီး လိုက်ကြည့်လိုက်၊ ဟိုပွဲစားက ဟိုလိုပြော၊ ဒီပွဲစားက ဒီလိုပြောနဲ့
ဘယ်မောင်း၊ ညာမောင်းနဲ့တင် တစ်စီးမှမဝယ်ဖြစ်ပဲ ရွာဆော်ကြီးတစ်ယောက် ကားမဝယ်ဖြစ်တော့ပဲ ပွဲစားတန်းမှ ပြန်လာခဲ့သည်။
အတော်လည်းစိတ်ပျက်သွားသည်။ ရွာကထွက်လာတုန်းက ကားဝယ်ဖို့ အခုကားကမဝယ်ဖြစ်တော့ ရွာမှာကြွားလုံးထုတ်ခဲ့သမျှ ကားမပါဘဲ ရွာထဲဘယ်လိုပြန်ရမှန်းမသိတော့။
စဉ်းစားကြည့်သည် ဘယ်လိုလုပ်ရင်ကောင်းမလဲ ရရာကားပဲဝယ်ပြန်ရမလား။ ဝယ်ပြန်ရင်လဲ ဘယ်မောင်း၊ ညာမောင်းကရှုပ်ဦးမည်မှာ သေချာသည်။ ကားပွဲစားများစကားလည်းမယုံကြည်နိုင်ဖြစ်နေသည်။
" အင်း ......ဟုတ်ပြီ.... အကြံရပြီ၊ ဒါပဲဝယ်သွားရမယ်၊ ရွာနဲ့လည်းအဆင်ပြေတယ်"
ဘာအတွေးပေါက်သွားသည်မသိ
ပွဲစားတန်းမှနေပြီး စက်မှုဇုန်ဘက် ထွက်သွားလေသည်။
~~~~ ~~~~~~~ ~~~~~~~
"အဲဒါပဲဗျ...ကိုရင်ထွန်းခင်ရေ"
"ကျုပ်ကားမဝယ်ဘဲ၊ ထော်လာဂျီဝယ်လာတဲ့အဖြစ်က"
" မင်းဟာက၊ မဟုတ်သေးပါဘူး၊ ကား ဘယ်မောင်း၊ညာမောင်းရှုပ်တာနဲ့၊ မင်းထော်လာဂျီဝယ်လာတာနဲ့၊ ဘာဆိုင်လို့လဲ၊ သေချာရှင်းစမ်းပါဦးကွာ"
" ဒီလိုလေဗျာ၊ ကျုပ်တွေးတာက၊ အစိုးရက ကားသာမထုတ်နိုင်တာ၊ သူများနိုင်ငံက တင်သွင်းတဲ့ကားတောင်၊ ဘယ်မောင်းညာမောင်းရွေးနေတယ်လေ"
"ကျုပ်ဘယ်မောင်းပဲဝယ်ရမလို၊ ညာမောင်းပဲဝယ်ရမလိုဖြစ်နေတာနဲ့၊ နောက်ဆုံး ရွာနဲ့လည်းအဆင်ပြေ၊ ဘယ်မောင်းလဲမဟုတ်၊ ညာမောင်းလဲမဟုတ်၊ အလယ်တည့်တည့်ကမောင်းတဲ့ အလယ်မောင်းထော်လာဂျီပဲ ဝယ်လာခဲ့တာဗျ"
"ထော်လာဂျီတောင် မိတ်အင် ချိုင်းနားပဲရခဲ့တယ်၊ မိတ်အင်မြန်မာရှာမရလို့"
" အေးကွ မင်းပြောမှပဲ ငါသတိရတယ် ငါလဲမြို့မှာ ငါ့သမီးကျောင်း သုံးဖို့ကွာ အေဖိုးဆိုလား၊ ဘာလားကွာ၊ အဲစာရွက်ထုပ်ဝယ်တာ၊ ဈေးကြီးလို့ ပြည်တွင်းဖြစ်မရှိဘူးလား မေးမိပါတယ်၊ ဆိုင်ရှင်ကဘာပြန်ပြောတယ်မှတ်လဲ"
"ဘာပြန်ပြောလို့လဲဗျ"
" ဆိုင်ရှင်က ဦးလေးမြန်မာဖြစ်အေဖိုးစာရွက်မပြောနဲ့၊ တစ်ရာဖိုးလေးချောင်းဝယ်ရတဲ့ အဝတ်ချုပ်အပ်တောင်မရှိဘူးတဲ့"
" ငါတောင်ယောင်ပြီး မီးခိုးတလူလူထွက်နေတဲ့ စက်မှုဇုန်ဘက်လှမ်းကြည့်မိသေးတယ်၊ ဒီလောက်များတဲ့စက်ရုံတွေထဲမှာ၊ အပ်လုပ်တဲ့ စက်ရုံလေးတစ်ရုံတောင်မပါဘူးလားပေါ့"
"် ငါတောင်နိုင်ငံခြားသွားပြီး၊ စာရွက်လုပ်တဲ့ပညာ၊ အပ်လုပ်တဲ့ပညာ၊ သွားသင်ပြီး ဒီမှာစက်ရုံထောင်လိုက်ရင် ချမ်းသားမှာသေချာတယ်"
" ဟုတ်သားပဲ ကိုရင်ထွန်းခင် တရုတ်ပြည်ပညာတော်သင်သွားပါလားဗျ"
" တော်ပါပြီကွာ ငါစကားအဖြစ်ပြောတာပါ၊ အသက်လဲကြီးပြီ မသွားနိုင်တော့ပါဘူး"
"ငါ့သားသမီးတွေ ပညာတတ်တွေဖြစ်မှပဲ၊ လေယာဉ်ပျံတို့၊ ကားတို့ မတီထွင်နိုင်ရင်နေပါစေ၊ အပ်လေးလုပ်တတ်တဲ့ အင်ဂျင်နီယာ ဖြစ်အောင်ပဲလုပ်ခိုင်းတော့မယ်ကွာ"
" ကဲကဲ အခုတော့၊ ရွာဆော်ကြီးရဲ့ အလယ်မောင်းလေး သမလိုက်တဲ့ စည်းရိုးလေးပြန်လုပ်ပေးဦး"
" တက်ဗျာ ကိုရင်ထွန်းခင်၊ အလယ်မောင်းပေါ်၊ အဲဟုတ်ပါဘူး ယောင်ကုန်ပြီ၊ ထော်လာဂျီပေါ်တက်၊ အိမ်လိုက်ယူ"
" ကျုပ်ထဲပါလာသမျှက လမ်းကြေး(အလျှော်)ရှင်းခဲ့လို့ကုန်ပြီ"
တဒိုင်း.....ဒိုင်း....တထုတ်....ထုတ် အော်ကာ ရွာဆော်ကြီးရဲ့အလယ်မောင်းလေး ရွာလယ်လမ်းမအတိုင်းထွက်သွားပါတော့သည်။
ခိုင်လေး(မန်သား)
Photo=#credit Facebook
No comments:
Post a Comment