Saturday, November 12, 2016

ခိုလှုံရာအရိပ်လေးတစ်ခု

         "ခိုလှုံရာ အရိပ်တစ်ခု"

ကျွန်တော်တို့ ဝန်ထမ်းလိုင်းလေးတွင် နံနက်တိုင်း ဆူညံစွာ နိုးထလေ့ရှိသည်။ ကျွန်တော့်နေအိမ် လိုင်းခန်းသည်လည်း မနက်တိုင်း အဖေ၏ အော်ဟစ်ဆူသံဖြင့် နိုးထလေ့ရှိသည်။
"အေးမိ အာ ဒီမိန်းမ မိုးမလင်းသေးဘူး ဘယ်အလေလိုက်နေလဲ"
"ဘယ်မှာမှ အလေမလိုက်ဘူး တော်မြိုဖို့အတွက် လုပ်နေတာတော်ရေ့"
"ဒီမိန်းမကတော့ သေချင်နေပြီလား၊ ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့ နေ့တိုင်း ပဲပြုတ်ဆီဆမ်းများကွာ၊ ငါလုပ်လိုက်ရ သေဦးမယ်"
"တော်ကများ ပြောရသေး ပဲပြုတ်ဆီဆမ်း စားရတာပဲ ကျေးဇူးတင်ဦး၊ ကျုပ်ရှာနေလို့ တော်မငတ်တာ၊ တော်လစာက တော်သောက်တဲ့ အရည်ဖိုးနဲ့ ကုန်နေတာများ"
"အေး မင်းယောက်ျားက ဝန်ထမ်းကွ၊ ဝန်ထမ်းလစာပဲရမယ်၊ မင်းက ဘာအပိုရချင်သေးတာလဲ"
"အမလေး ကျုပ်ကအပိုလိုချင်လို့ ပြောနေတာ မဟုတ်ဘူး၊ တော်ရတဲ့ လစာက တော်သောက်တာနဲ့ ကုန်တဲ့ အကြောင်းပြောနေတာ" ဒီအသံတွေက နံနက်တိုင်း ကြားနေကျပေမဲ့
ကျွန်တော် ဘယ်လိုမှ မနေနိုင်တော့ အဖေနဲ့အမေ ရန်ပွဲက မဝင်ရင်ပြီးမှာ မဟုတ်တော့။
"တော်ပါတော့ အဖေတို့ရာ၊ ဟုတ်တာလဲ မဟုတ်ဘဲ၊ လူကြားလို့လည်းမကောင်ဘူး၊ မနက်မိုးလင်းကတည်း ဖြစ်နေတာ"
" မဟုတ်ပါဘူး သားရယ်၊ မင်းအဖေက ပြဿနာရှာ နေတာကို"
" ဟုတ်ပါပြီ အမေရယ်၊ အဖေလည်း ရုံးသွားရမယ်မလား မနက်ခင်းအစာပြေ စားရအောင်၊ ဟိုမှာ ညီမလေးလည်းနိုးနေပြီ၊ အမေလည်းအလုပ်သွားရမယ်မလား၊ လာပါဆက်ပြီးဖြစ်မနေကြနဲ့တော့" ဟုတ်တော့လည်း ဟုတ်ပါသည်။ အဖေက လုံမီး-၅ အဆင့် လုံခြုံရေးဝန်ထမ်း ရတဲ့လစာက နဲနဲ။ အသောက်အစားလေးရှိလေတော့ ရတဲ့လစာကလည်း အဖေသောက်တဲ့ အရက်ဖိုးနဲ့ကုန်တာများသည်။ အဖေရတဲ့ လစာက စားဖို့မရပေမဲ့ နေဖို့အဆင်ပြေသည်။ ဝန်ထမ်းအလုပ်မှထွက်ပြီး အပြင်အလုပ် လုပ်လည်း စားရေးအတွက် အဆင်ပြေပြီး နေရေးအဆင်မပြေနိုင်။ အခုနေတဲ့ လိုင်းခန်းလေးမှလွဲပြီး ကျွန်တော်တို့ မိသားစုတွင် နေစရာမရှိ။ မိသားစု စားရေးအတွက် အမေပဲ တစ်သက်လုံး လုပ်ကိုင်ရှာဖွေခဲ့သည်။ ဒီနှစ် ဆယ်တန်း စာမေးပွဲပြီးရင် အမေ့ကို ဝိုင်းကူလုပ်ပေးနိုင်ပြီမို့ စာမေးပွဲလည်း မြန်မြန်ပြီးချင်ပြီ။ အမေလုပ်နေသော အလုပ်က မိန်းမသား တစ်ယောက်အနေဖြင့် ပင်ပန်းလွန်းလှသည်။ စက်ဘီးတစ်စီးဖြင့် မြို့ထဲရှိ လက္ဘက်ရည်ဆိုင်များမှ နို့ဆီ၊နို့စိမ်း ဗူးခွံများကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဖြင့် လိုက်ကောက်ရသောအလုပ်ဖြစ်သည်။ တစ်ဗူး ၆ကျပ်၊ ၆ကျပ်ခွဲနှင့် ကောက်ပြီး ဒိုင်ကို ၇ကျပ်ဖြင့် ပြန်သွင်းရသည်။ တစ်ရက်ကို ဗူး၂၀၀၀ကျော်အောင်ကောက်ရသည်။ ဆာလာအိပ်၅လုံးလောက်ကို အိပ်အကြီးဖြစ် ဆက်ပြီး ချုပ်ထားရသည်။ ညနေဘက် စက်ဘီးပေါ်တင်ပြီး အဝယ်ဒိုင်ကို အပြေးသွင်းရသည်။ နေပူမိုးရွာမရှောင်လုပ်ခဲ့ရသဖြင့် အမေမှာ ရှိသင့်သည့်အရွယ်ထက် အကျဘက်သို့ရောက်နေသည်။ ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသော်လည်း သားသမီးအတွက်မို့ အမေမှာ ပင်ပန်းသည်ဟု မညည်းဘူး။ သားသမီးကို ပညာတတ်စေချင်သည်။ ညဘက် အမေ့ကို နင်းနိပ်ပေးတိုင်း အမေအမြဲပြောတတ်သော စကားလေးရှိသည်။ "အခုချိန်မှာ အမေဘယ်လောက်ပင်ပန်း ပင်ပန်း အမေလုပ်နိုင်သ၍လုပ်မယ်၊ သားနဲ့သမီးက စာကိုကြိုးစား ပညာမတတ်တော့ အမေတို့ဘဝ ဘယ်လောက်ပင်ပန်းလဲ။ အမေတို့လိုဘဝကို မရောက်စေချင်ဘူး။ အမေပင်ပန်းတာ မမြင်ချင်ဘူးဆိုရင် သားနဲ့သမီးက ပညာကို ကြိုးစားသင်ပါ" အမေပြောတဲ့ စကားကို ကျွန်တော်အမြဲ မှတ်ထားသည်။ တချိန်မှာ အမေဖြစ်စေချင်တဲ့ ပညာတတ်တစ်ယောက် ဖြစ်စေမည်။ အမေ ပင်ပန်းခဲ့သမျှ အမောပြေစေရမည် အမေ။

စာမေးပွဲ ပြီးတော့ အမေ့အလုပ်မှာပဲ ဝိုင်းလုပ်ဖြစ်ခဲ့သည်။ ကိုယ်တိုင် ဝင်လုပ်မှ အလုပ်က စိတ်ပန်းလူပန်းဆိုတာ သိရသည်။ ဒီလောက် ပင်ပန်းခဲ့တာတောင် အမေဘာလို့ တချက်မညည်းခဲ့တာလဲ။ သားသမီးရဲ့အပြုံးလေးနဲ့တင် အမေ အမောပြေ နေခဲ့သည်။ အမေ့အလုပ်ကို ဝိုင်းကူလုပ်မှ နေလောင်ထားတဲ့ အမေ့မျက်နှာမြင်တိုင်း ဝမ်းနဲစိတ်မကောင်းဖြစ်မိသည်။ အရင်ကထက်တော့ မိသားစု စားဝတ်နေရေး ပြေလည်လာသည်။ ငွေတိုးယူပြီး လုပ်ခဲ့ရသောအရင်းကို သားမိနှစ်ယောက်လုပ်တော့ မိမိအရင်းဖြင့် လုပ်ကိုင်လာနိုင်သည်။  နားရက်ကိုပင် မနက်ပိုင်းတွင် အဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုင်တွေမှ ကြေးဝါ လိုက်ဝယ်လိုက်စုပြီး ကြေးသွန်းလုပ်ငန်းမှာ ပြန်သွင်းသော အလုပ်လုပ်ကိုပါ တွဲလုပ်ခဲ့သည်။ ခုဝယ်ခုရောင်းဆိုတော့ အရှုံးမရှိ။ ဈေးတက်ဈေးကျ ပူစရာမလို။ လက်ရှိပေါက်ဈေးသိရင် အဆင်ပြေသောအလုပ်ဖြစ်သည်။ မိသားစု စားဝတ်နေရေး အဆင်ပြေရုံသာမက နဲနဲပါးပါးစုဆောင်းမိလာသည်။ အမေ့ကို နားခိုင်းသော်လည်း အမေက မနားခဲ့ပါ။ လောဘမကြီးဖို့ပြောထားရသည်။ ဒါတောင် တခါတလေ မနိုင်ဝန်တင်ရသည်အထိ အလုပ်လောဘကြီးတတ်လို့ ခနခန ပြောနေရသည်။ ပညာရေးအတွက် ကျွန်တော်အဝေးသင်ပဲ ဆက်တက်ဖြစ်ခဲ့သည်။ ဘွဲ့ရပြီးမှ ဘာဆက်လုပ်မယ် စဉ်စားမည်။ လောလောဆယ် ဒီအလုပ်လေးက မိသားစု စားဝတ်နေရေး ပြေလည်အောင် လုပ်ပေးနိုင်သည်မို့ ကျေနပ်နေမိသည်။

ဘဝရဲ့ အချိုးအကွေ့ကို ဘယ်သူကြိုသိနိုင်မှာလဲ။ ကျွန်တော်တို့ မိသားစုရဲ့ ဘဝအချိုးအကွေ့က ကောင်းသော အပြောင်းအလဲ မဟုတ်ခဲ့ပါ။ အဆင်ပြေချိန်ရောက်ပြီ ထင်မှတ်ပျော်ရွင်နေတဲ့ မိသားစုလေး ဒုက္ခရောက်ခဲ့ရသည်။ သောကအပူမီး နိပ်စက်လာသည်။ တသက်လုံး အသောက်အစားမကင်းခဲ့တဲ့အတွက် အဖေ လေဖြတ်ပြီး အိပ်ယာထဲလဲသွားခဲ့သည်။ ပြန်ကောင်းလာဖို့ မလွယ်သည်ရောဂါဖြစ်သည်မို့ ဆေးပင်စင် တင်လိုက်ရသည်။ ကျွန်တော်တို့ မိသားစု တသက်လုံး မှီခိုနေလာခဲ့တဲ့ ဒီလိုင်ခန်းလေးက အဖေပင်စင် ကျလာသည်နှင့်ဖယ်ပေးရတော့မည်။ အပြင်အရပ်ထဲတွင် နေစရာမြေ မရှိသော သာမန်ဝန်ထမ်း မိသားစုမှာ နေစရာဆိုတဲ့ သောကအပူမီး တောက်လောင်နေသည်။ ဘဝတစ်လျှောက်လုံး စိတ်ဓာတ်မကျ လုပ်ကိုင်နေလာခဲ့သော အမေပင် စိတ်ဓာတ်ကျသွားသည်မှာ အထင်းသား။ အဖေလည်း သူမလိမ္မာခဲ့တာတွေအတွက် နောင်တရနေသည်။ စကားမပြောနိုင်ပေမယ့် စိတ်ဓာတ်ကျ ငေးမှိုင်နေသော အမေ့ကိုကြည့်ပြီး မျက်ရည်ကျနေသည်။ မိသားစုခိုနားရာ ဒီအရိပ်လေးက လွဲပြီး ခိုစရာအရိပ် မရှိတဲ့ ကျွန်တော်တို့အတွက် ခိုစရာအရိပ်ဆိုတာ အနှေးနဲ့အမြန် လိုအပ်သည်။

ဟိုအရင်နံနက်ခင်းတွေလို ဆူညံသံတွေမကြားရတော့။ တိတ်ဆိတ်ခြင်း၊ ခြောက်ကပ်ခြင်းတွေနှင့် နံနက်ခင်းကို အစပြုနိုးထလာခဲ့သည်။ ညက အတွေးလွန်၊ စဉ်းစားလွန်ပြီး အိပ်တာနောက်ကျခဲ့သဖြင့် ခေါင်းတွေကိုက်နေခဲ့သည်။ ကျွန်တော် မျက်နှာသစ်ပြီး အမေပြင်ပေးထားသော နံနက်စားရန် ထမင်းစားပွဲတွင်ထိုင်လိုက်သည်။ အမေကတော့ အဖေ့ကိုထမင်းကျွေးနေသည်။ အမေလည်း အလုပ်မလုပ်ရတော့ဘဲ နားထားပြီး အဖေ့ကို ပြုစုနေရသည်။ အဖေ့ဆေးဖိုးနှင့် အမေ့လုပ်အား လျော့သွားသောအခါ ကျွန်တော်တစ်ယောက် လုပ်စာဖြင့် မိသားစု စားလောက်ရုံသာ ရှိတော့သည်။
" ဟဲ့ သား ထမင်းမစားပဲ ဘာတွေးနေတာလဲ၊ တော်ကြာနေမြင့်နေဦးမယ်၊ စားလေ"
အဖေ့ကို ထမင်းကျွေးပြီး ထလာသော အမေ့စကားသံကြားမှ သတိဝင်လာသည်။
"ဟုတ်ကဲ့ အမေ၊ သားအမေ့ကို ပြောစရာရှိလို့ စောင့်နေတာ"
"ဘာများလဲ သားရဲ့အရောင်းအဝယ် အတွက် ငွေလိုလို့လား"
"မဟုတ်ပါဘူး သားငွေမလိုပါဘူး၊ သားပြောမယ်ဆိုတာက သားတို့မိသားစုအရေးပါ"
" ဘာများလဲသားရဲ့အမေ နားမလည်ဘူး"
" ဒီလိုပါ အမေ၊ အဖေပင်စင်တင်ထားတာ ကျလာတာနဲ့ သားတို့တွေ ဒီအခန်းက ဖယ်ပေးရတော့မယ်လေ၊ အဲဒါ သားတို့အတွက် နေစရာအိမ်၊ ခိုစရာအရိပ် လိုလာပြီလေ"
" အော် သားရယ်ဘာတတ်နိုင်မှာလဲ အမေတို့ အပြင်မှာ အိမ်ငှားနေကြတာပေါ့"
" အိမ်ငှားနေတာတော့ ရပါတယ်။ ဒါပေမဲ့ ခဏပဲ အဆင်ပြေနိုင်မယ်လေ၊ ရေရည်အတွက်ဆိုရင် အိမ်ငှားနေတာက အဆင်ပြေမှာ မဟုတ်ဘူး"
"အင်း မတတ်နိုင်ဘူးလေ အမေတို့မှာက နေစရာမြေမှမရှိဘဲ"
"သား စဉ်းစားထားတာတော့ရှိတယ်"
" သားက ဘယ်လိုလုပ်မယ်၊ စဉ်းစားထားလို့လဲ"
" သား ရဲတပ်ဖွဲ့ထဲ ဝင်ဖို့ စဉ်းစားထားတယ်၊ ရဲထဲဝင်လိုက်ရင် သင်တန်းဆင်းတာနဲ့ တာဝန်ကျတဲ့ နေရာမှာ မိသားစု အခက်အခဲတင်ပြရင်တော့၊ နေစရာလိုင်းခန်းရမှာပဲ၊ အဲဒါဆို သားတို့အတွက် နေစရာမပူရတော့ဘူးပေါ့"
" ဖြစ်ပါ့မလားသားရယ်၊ ရဲအလုပ်ကို သားဝါသနာမပါဘူးဆိုတာ အမေသိနေတာပဲ၊ ပြီးတော့ ရဲထဲက ဝင်ပြီးရင် ထွက်လို့မရဘူးလေ၊ ထွက်ခွင့်မရှိတဲ့ စည်းတွေဘောင်တွေနဲ့ သားကို ချုပ်ကိုင်ထားလိမ်မယ်၊ တခြားဌာနမှာ လျှောက်ပါလားသားရယ်၊ မင်းအဖေ လုပ်တဲ့ ဒီဌာနမှာရောမလုပ်ချင်ဘူးလား"
" မဟုတ်ဘူးအမေ အဲဒါတွေ သားစဉ်းစားပြီးပြီ၊ ဒီဌာနမှာ ဝင်လုပ်လဲ အောက်ဆုံးကနေပဲ ဝင်ရမှာပဲ၊ ဘွဲရပြီးရင်တောင် ရုံးစာရေးပဲဖြစ်မှာလေ၊ ရုံးစာရေးအလုပ် သားမလုပ်ချင်ဘူးအမေ၊ ရဲထဲမှာဆို ဘွဲ့ရရင် အရာရှိဖြစ်နိုင်တယ်၊ တခြားဌာနတွေ စဉ်းစားမိပေမဲ့ ရမည့်ဘွဲ့နဲ့ဆို သားပြောသလို ရုံးစားရေးပဲဖြစ်မှာပဲ သားမလုပ်ချင်ဘူး၊ ရဲထဲက သင်တန်းစတက်တာနဲ့ လစာရမယ်၊ အမေတို့ကို ထောက်ပံ့နိုင်တယ်၊ သင်တန်းဆင်းတာနဲ့ ခေါ်ထားရုံပဲ၊ အပြင် ကုမ္ပဏီအလုပ်တွေလို အလုပ်သမား အင်းအားလျော့လို့ အလုပ်ပြုတ်မလဲ တွေးပူစရာမလိုတော့ ရေရည်တွက် အဆင်ပြေတယ်၊ အဲ့ဒါကြောင့် ရဲထဲဝင်ဖို့ သားဆုံးဖြတ်တာပါ"
" အေးပါ သားရယ်၊ မိသားစုအဆင်ပြေဖို့ သားဆုံးဖြတ်ထားတာပဲ အမေခွင့်ပြုပါတယ်"
"ဟုတ်ကဲ့ အဲဒါဆို သားရဲတပ်ဖွဲ့ထဲဝင်ဖို့ လိုအပ်တာတွေ လုပ်လိုက်တော့မယ်နော်"
" အေးအေး"
ကျွန်တော်လည်း အမေနှင့် စကားစပျက် အမေ့ခွင့်ပြုချက်ရပြီမို့ ရဲထဲမဝင်ခင် လက်ရှိအလုပ်လေး လုပ်ဖို့ပြင်ရတော့သည်။

ကျွန်တော် ရဲတပ်သားသစ် သင်တန်း ၆ လ တက်ပြီး ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရသည်။ အမေတို့ကတော့ အပြင်မှာ အိမ်ငှားဖြင့်နေသည်။ အဖေပင်စင်က ရတဲ့ ပင်စင်ဆုငွေလေးဖြင့် အိမ်ကို တစ်နှစ်စာချုပ်ဖြင့် ငှားထားသည်။ အဖေ့ပင်စင်လစာရယ်။ ကျွန်တော်ပို့ပေးတဲ့ လစာလေးရယ်ဖြင့် အဆင်ပြေအောင် နေရသည်။ သင်တန်းဆင်းရင် လိုင်းခန်းတောင်းပြီး ခေါ်ထားမည် တွေးထားသော်လည်း ရဲတပ်ရင်းမှာ တစ်နှစ်ပဲ နေရမည်မို့ မခေါ်ဖြစ်ခဲ့။
" အမလေးဗျ" ကား ချိုင့်ထဲကျပြီး ကားစောင့်လိုက်သဖြင့် ယောင်အော်မိသည်။ တွေးနေသော အတွေးတောင်ဘယ်ရောက် သွားမှန်းမသိတော့။ ကားရဲ့နောက်ဆုံးမှာ ထိုင်လိုက်လာသဖြင့် ပျက်သွားသော ကိုယ်နေဟန်ပြင်ထိုင်တုန်း ဘေးမှကပ်ထိုင်ပါလာသော လက်မောင်းတွင် အရစ်တစ်ရစ် ကပ်ထားသောသူစီမှ စကားသံထွက်လာသည်။
" ကောင်းလိုက်တဲ့ သတ္တိနဲ့သတိ ကတော့ ကားစောင့်တာတောင် ယောင်အော်တယ်၊ ဒီပုံစံနဲ့ မင်းတို့ ရဲဘော်တွေ အားကိုးရဦးမယ်၊ အခုနယ်မြေ လုံခြုံရေးသွားမှာက ဖားကန့်ကွ အဖြူရောင်နယ်မြေမဟုတ်ဘူး ဒီလို သတိလက်လွတ်နေရင် ဘယ်လိုအားကိုး မလဲ"
ကျွန်တော်မှာ မနေ့တနေ့ကမှ သင်တန်းဆင်းလာတဲ့သူ အဖြူရောင်တွေ အညိုရောင်တွေ မသိ၊ တာဝန်ပေးရင် သွားရမယ်ဆိုတာပဲ သိသည်။ အခုလည်း ဖားကန့်ရတနာမြေကို လုံခြုံရေးသွားရန် ထွက်လာသော မော်တော်ယာဉ်ပေါ် လိုက်ပါလာခြင်းဖြစ်သည်။
" ဟေ့လူ အားကိုးတာ မကိုးတာနောက်မှပြော၊ အခုရှေ့ကို နဲနဲတိုးပေး၊ ဒီမှာ ထိုင်မရတော့ဘူး"
"မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်"
" ဟေ့လူလို့ခေါ်တာလေ ဘာဖြစ်လို့လဲ"
" ဟေ့ကောင် မင်းသေချာကြည့်စမ်း ဒီမှာတွေ့လား လက်မောင်းကပ်ထားတာ၊ အရစ်ကွ ဒုတပ်ကြပ်လို့ခေါ်တယ် ဆရာအဆင့်ကွ ဆရာ"
"ဟုတ်ပါပြီ ဒုတပ်ကြပ်ဆရာရယ်၊ ထိုင်မရတော့လို့ နဲနဲလောက်တိုးပေးပါခင်ဗျာ"
ဒါတောင် မတိုးပေးချင် ပေးချင်ဖြင့် မျက်လုံးပြူးကြည့်ပြီးမှ တိုးပေးသည်။ ကျွန်တော်လည်း စကားမဆက်တော့ဘဲ လိုက်လာခဲ့သည်။ " ဝုန်း"ဆိုသည့် ပေါက်ကွဲသံနှင့် အတူ ကျွန်တော်ကားပေါ်မှ လွင့်စင် ကျသွားခဲ့သည်။ ဘယ်ကနေ ပစ်လိုက်မှန်းမသိသော လက်နက်ကြီးပေါက်ကွဲ ထိမှန်တယ်ဆိုတာပဲ သိလိုက်သည်။ ဦးခေါင်းတစ်ခုလုံး ပြာဝေသွားသည်။ တလောကလုံး အမှောင် အတိဖုံးလွှမ်းသွားသည်။ အမှောင်ထဲမှာတော့ အမေက လိုင်ခန်းလေးအပေါက်မှာ ကျွန်တော်ပြန်လာရင် သောက်ဖို့ ရေခွက်လေး ကိုင်ထားသည်သာ မြင်သည်။

" သား .... သားကြီး"
နားထဲတွင် အမေ့ရဲ့ခေါ်သံသဲ့သဲ့ ကြားသဖြင့် မျက်လုံးဖွင့်ကြည့်တော့ အမေက ကျွန်တော်ကုတင်ဘေးမှာ ရပ်နေသည်။ အမေ့ကို အခုမှမြင်ဖူးသူ တစ်ယောက်လို မျက်တောင် မခတ်ကြည့်နေမိသည်။

"ဘာကြည့်နေတာလဲ၊ ဒီနေ့ သင်တန်းကို သွားရမယ်မလား၊ ထတော့လေ၊ ညက ငါ့သား သင်တန်းသွားရတော့မယ် ဆိုပြီး အိပ်မပျော်ဘူးထင်တယ်"

အမေပြောမှ ကျွန်တော်အိမ်မက် မက်နေတာပဲ ဆိုတာသိသည်။ သင်တန်းသွားရမည်မို့ စိတ်စွဲပြီး အိမ်မက်မက်နေခဲ့တာပဲ။

"ဟုတ် ညက အိပ်တာနောက်ကျသွားတယ်၊ မိသားစုနဲ့ ခွဲရတော့မယ် ဆိုပြီး အိပ်မပျော်ဘူး"
" ကဲထတော့ နောက်တော့ ကျင့်သားရသွားမှာ၊ မင်းညီမတောင် ကျောင်းမသွားသေးဘူး သူ့အကို သွားရင် မသိလိုက်မှာဆိုးလို့တဲ့ စောင့်နေတယ်"
ကျွန်တော်ကို နိုးပြီးထွက်သွားသော အမေ့ကိုကြည့်ပြီး ညကစိတ်စွဲပြီး မက်ခဲ့သော အိမ်မက်လိုသာ မိသားစုကို သားခွဲသွားရရင် ဘယ်လိုနေမလဲ။ သင်တန်းကာလ ခနခွဲရမှာလေးပင် မခွဲသွားချင်။ မိသားစု ခိုလှုံလို့ရမည့် အရိပ်တစ်ခုအတွက် ကျွန်တော် မိသားစုကို ခနခွဲသွားရပေဦးမည်။
                        ခိုင်လေး(မန်းသား)

No comments:

Post a Comment