Wednesday, May 16, 2018

ခရုဟင်းချို

"ခရုဟင်းချို"   (အက်ဆေး)

ထိလွယ်ရှလွယ်သော နှလုံးသားရှိမည် ၊ စိတ်လည်းဝင်စားမည်ဆိုပါက ကျွန်တော်စွဲမြဲမှတ်မိနေသော  ခရုဟင်းချိုများအကြောင်းကို ပြောပြလိုပါသည်။

အစားအသောက်အကြောင်းပြောမည်ဆိုလျှင် မိတ်ဆွေသူငယ်ချင်းများမပါ၍ မရစကောင်း။  ကျွန်တော့်ဘ၀တွင် အတန်ထူးဆန်းသောမိတ်ဆွေသူငယ်ချင်းများရှိခဲ့ခြင်းကြောင့် ထူးဆန်းသောအစားမျိုးများကို စားဘူးခဲ့ခြင်းဖြစ်သည်။ ပင်ကိုယ်ဗီဇတွင် အစားအသောက်မက်စက်ခြင်းကြောင့်လည်းဖြစ်ပါသည်။ အစားမက်သောကြောင့် အစားစုံ အသားစုံကို တွေ့မရှောင်စားသည်။ ဖိတ်ခေါ်သူ ၊ ကျွေးမွေးသူရှိလျှင် ၊ စိတ်တူကိုယ်တူရှိလျှင် ပိုဆိုးစေသည်။ စိတ်တူကိုယ်တူအပါင်းအသင်းနှင့်ဆိုပါက ကျွန်တော်ကား စားပိုးနင့်အောင်စားသည်။ အပြောမဟုတ်။ ကျွန်တော်မှာ နှစ်ကြိမ်တိုင် စားပိုးနင်ဘူးသူဖြစ်၏။

ပထမအကြိမ်မှာ ငယ်စဉ်ကဖြစ်၍ ကလေးလိုစားပိုးနင်ပြီး ဟီးဟီးဟားဟားနှင့်သာပြီးသွားသည်။ ဒုတိယအကြိမ်မှာကား ကလေးနင်နင်ခြင်းမဟုတ်ပဲ လူကြီးလိုအတည်နင်ခြင်းဖြစ်၏။ အသက်ရှူမရတော့ပဲ အန္တရာယ်ရှိသောအခြေထိရောက်ခဲ့လေသည်။ ဇစ်မြစ်ကား အပေါင်းအသင်းကောင်းမှုကြောင့်ဖြစ်သည်။

တာဝန်ကျရာဆေးရုံအသစ်မှ ကျန်းမာရေးမှူးကြီးမှာ ကျွန်တော်နှင့် စိတ်တူကိုယ်တူအစားသမားဖြစ်၏။ "ဆရာရေ ၊ နက်ဖြန် တောင်ပေါ်ကျောင်းကဆရာတော်ကြီးကို ဆေးစစ်ပေးဖို့သွားမယ် ၊ လိုက်ခဲ့ပါလား ၊ ဘုန်းကြီးပွဲအကျဆွဲကြမယ်လေ ၊ အဲဒီကျောင်းကဆွမ်းဟင်းတွေရှယ်ပဲ" ဆိုသောအခါ ကျွန်တော်လည်းနှစ်ခါအခေါ်မခံ။

ဆရာတော်ကြီးမှာ သက်တော်ကြီးရင့်လှပြီဖြစ်၏။ ဆရာဝန်ပေါက်စကျွန်တော်နှင့်ဆိုလျှင် မြေးအဘိုးအရွယ်ဖြစ်သည်။ အဘိုးအရွယ်ဆရာတော်ကြီးအား မြင်မြင်ချင်းချစ်ခင်မိလေသည်။ ကျွန်တော်ကား ချစ်ခင်သူများအပေါ်ငြင်းဆန်ခြင်းနည်းပါးသူတစ်ဦးဖြစ်သည့်အလျောက် ဆရာတော်ကြီးက ဆွမ်းဘုန်းပေးပြီး "၀အောင်စားကြ"ဟု ဆိုသောအခါ ဆိုသည့်အတိုင်းလိုက်နာလေသည်။ ဆရာတော်ကြီးက နံဘေးနားမှနေ၍ ထမင်းထည့်ဦးဆိုလျှင်ထည့်သည်။ ဒီဟာစားစမ်းဆိုလည်းစား ၊ ဟိုဟာစားစမ်းဆိုလည်းစား ၊ ဘာမှမငြင်းပေ။ အ၀ဆွဲမည်ဟုအံခဲပြီး မနက်စာမစားခဲ့သည်ကတစ်ကြောင်း ၊ ဒေသအသစ်၏ မစားဘူးသေးသောစားစရာများကဆွဲဆောင်သည်တစ်ကြောင်း ၊ ဆရာတော်ကြီး၏ စားစေလိုသောဆန္ဒကတစ်ကြောင်းဖြင့် ကျွန်တော် အစားလွန်တော့သည်။ အချို့ဟင်းများကလည်း ပြောလောက်အောင်ပင်မှတ်မိကျန်ရစ်သည်။ 'ပြလို့ပြောင်း'ကိုကြော်ထားသော ပြောင်းဖူးကြော်မှာ ပုံမှန်ပြောင်းဖူးကြော်နှင့်မတူပဲ အလွန်စားကောင်း၏။ ထမင်းပန်းကန်တစ်ချပ်အပြည့်ပြောင်းဖူးကြော်များ ကျွန်တော်တို့နှစ်ဦးတည်းနှင့်ပြောင်သည်။ ကျွန်တော်က အဓိကတရားခံဖြစ်၏။ ဟင်းပွဲများကအလွန်များသဖြင့် အခြားဟင်းများလည်းမလွတ်ရအောင် ၊ မျက်နှာမငယ်စေရအောင် ကြိုးကြိုးစားစား စားပေးရသည်။ အကျိုးဆက်ကား ထမင်းပွဲပြီးသောအခါ ကျွန်တော်ချက်ချင်းမထနိုင် ၊ တင်ပျဉ်ခွေလျက် ပြည့်အင့်နေသည်။ ဘုန်းကြီးက မ၀သေးမှတ်၍ အချိုပွဲများထပ်စားခိုင်းသောအခါ မငြင်းတတ်သောကျွန်တော်က ထပ်ထည့်သည်။ အချိုပွဲများတစွတ်စွတ်စားနေစဉ်တွင် ထိုင်ရခက်လာသည်။ ဗိုက်နှင့်ရင်ခေါင်းတစ်ခုလုံးတောင့်တင်းလာပြီး ရှေ့သို့မကိုင်းနိုင်တော့ပေ ၊ လက်နှစ်ဖက်ကို နောက်ပစ်ကာထောက်ထားရသည်။ ခဏကြာလျှင်သက်သာမည်မှတ်သော်လည်း မသက်သာပဲပိုဆိုးလာ၏။ ထလည်းမထနိုင် ၊ ထိုင်လည်းမထိုင်နိုင် ၊ ဘုန်းတော်ကြီးများကိုအားနာသောကြောင့် မျက်နှာကိုပြုံးပြီးဟန်ဆောင်နေရသော်လည်း ကြာကြာဟန်မဆောင်နိုင် ၊ ဇောချွေးများပျံလာသည်။ ဟန်မဆောင်နိုင်သည့်အဆုံး ထမင်းစားပွဲတွင်ပင် ပက်လက်လှဲချရတော့သည်။ ပက်လက်ဖြစ်လာသော်လည်း မချောင် ၊ လှည့်မရ လှိမ့်မရနှင့် အသက်ရှူရကျပ်လာသည်။ ဘုန်းကြီးကျောင်းတစ်ခုလုံးလည်း ပြူးပြူးပြာပြာဖြစ်ကုန်၏။ 'ဆရာဝန်စားပိုးနင့်နေပြီ ၊ ဆရာဝန်စားပိုးနင့်နေလို့' ဆိုသောအသံများကို ဝေဒနာကြားမှကြားနေရသည်မှာ အတော် မချိစရာကောင်း၏။ ကျပ်လည်းကျပ် ရှက်လည်းရှက်နှင့် ရှိစဉ်ပင် ဆရာတော်ကြီးက လျက်ဆားယူလာကာ 'ရေနွေးနဲ့မျှောချ'ဆိုသဖြင့် ပက်လက်ကပင် ရအောင် ထပ်မျှောရသည်။ ဆွမ်းစားဆောင်ကြမ်းပြင်တွင် ဇောချွေးများနှင့်ပက်လက်လန်ကာ လူးလှိမ့်နေသောဆရာဝန်ကို ကပ္ပိယများက ထိုင်ယပ်ခပ်ပေးရင်း ဟိုနှိပ် ဒီနှိပ်ပြုကြ ၊ ဟိုလိုလုပ်ရင်ကောင်းမယ် ဒီလိုလုပ်မယ် ဆိုကြနှင့် တိတ်ဆိတ်အေးချမ်းလှသောတောင်ပေါ်ကျောင်းကလေးမှာ ဆူဆူညံညံဖြစ်ခဲ့ရသည်။ အနည်းငယ်ပျို့ထွက်ပြီး အိပ်ပျော်မသွားမီတွင် သေခြင်းတရား၏ရနံ့ကိုပထမဆုံးအကြိမ် ရှူရှိုက်မိကြောင်းမှတ်မိနေ၏။ အိပ်ပျော်ရာမှပြန်နိုးသောအခါ ရယ်လိုက်မောလိုက်နှင့်ပင် ထိုရနံ့လည်း ပါးလျသွားတော့သည်။

ခရုဟင်းချို၏အစမှာလည်း အပေါင်းအသင်းနှင့်ပင်ဖြစ်သည်။ စားပိုးနင့်အောင်စားတတ်သော ကျွန်တော်သည် အစုံစား ၊ အစုံကျွေးတတ်သော တိုင်းရင်းသားများနှင့်ဆိုလျှင်အလွန်ခင်၏။  ဂျူတီခန်းလေးထဲ ထမင်းချိုင့်ကိုယ်စီဖွင့်ကာ သူ့ဟင်းကိုယ့်ဟင်း မျှစားရချိန်များမှာ မမေ့နိုင်စရာ။ မေ့မရသူများစာရင်းတွင် ကရင်လူမျိုးသူနာပြုဆရာမကြီးလည်းပါ၏။ "ဒီဆတ်သားခြောက်မစားနဲ့ဆရာ" ဆိုလျှင် "ဘာပြုလို့တုန်း"မေးနေစဉ်တွင် ကျွန်တော်စားပြီးခဲ့ပြီ။ "ဆတ်သားအစစ်မဟုတ်ဘူးဆရာရဲ့ ၊ ဝုတ်ဝုတ်သား ၊ ဟောင်ကောင်သား ၊ ကြိုက်လား ၊ စားမယ်ဆိုရင်နောက်နေ့ ဘူးနဲ့ထည့်ယူလာပေးမယ်" ပြောတတ်သော အလွန်ချစ်စရာကောင်းသည့် သူနာပြုဆရာမကြီးဖြစ်သည်။

ပူအိုက်ပြီးတိတ်ဆိတ်သောတစ်နေ့လယ်တွင် သူနှင့်ကျွန်တော် နှစ်ဦးတည်း ထမင်းချိုင့်ကိုယ်စီဖွင့်ကာ နေ့လယ်စာစားကြသည်။ "ဟင်းချိုသောက်ချင်သောက်ကြည့်"ဆိုကာ ကျွန်တော့်ဘက်သို့ထိုးပေးသော ချိုင့်တွင် ကော်ဖီရောင်ဟင်းရည်များပါ၏။ မွှေကြည့်ရာ ဂလောက်ဂလောက်မည်၏။ "ခရုဟင်းလေ ၊ မစားတတ်ရင်လည်းမစားနဲ့" ဆိုလျှင် ကျွန်တော်မှာ အလွန်စားချင်လာတော့သည်။ ဆယ်လိုက်သောအခါ မြောင်းထဲတွင်တွေ့နေကျ ခရုနှစ်ကောင်ပါလာလေသည်။ "ခရုဘယ်ကရသလဲ" မေးရာ "အိမ်ရှေ့မြောင်းထဲကပေါ့"ဆိုသည်။ ဟင်းရည်တစ်ငုံသောက်ကြည့်ရာ  ဘာအမွှေးနံ့မှမပါ ၊ ရွှံ့နံ့သက်သက်သာနံတော့သည်။ မျက်နှာကိုမပျက်အောင်ထိန်းရင်း ထွေးထုတ်ချင်သောစိတ်ကိုချိုးနှိမ်ကာ မနည်းမျိုချယူရ၏။ ကော်ဖီရောင်ဆိုသည်မှာ အလှသုံးစကားသာတည်း။ ရွှံ့ရောင်ထနေသော ရွှံ့ပုပ်ရေထဲတွင် ဆားနှင့်အချိုမှုန့်ခတ်ထားသည်ဟုသာထင်မိ၏။ တော်ရုံအစားအသောက်ကိုလက်မတွန့်တတ်သော ကျွန်တော်ကား လက်ရော ပါးစပ်ရော နှာခေါင်းရော အားလုံးတွန့်ကုန်သည်။ သူနာပြုဆရာမကြီးသည် ကျွန်တော့်အကဲကို ကြည့်နေ၏။ ကြည့်နေမှန်းသိသောအခါ ကျွန်တော်မှာမနေတတ်။ ဝတ္တရားမကျေသောသူလို ၊ မိတ်ဆွေမပီသူလို ဘာသာခံစားရတော့သည်။ ခရု သုံးလေးကောင်ကိုခပ်ကာ ထမင်းပေါ်တင်လိုက်၏။ မြောင်းထဲမှသည် ကျွန်တော့်ထမင်းပန်းကန်ထဲသို့ ရောက်လာသော ခရုသုံးကောင်ကိုကြည့်ရသည်မှာ မတွက်ဘူးသေးသောဘဝပုစ္ဆာမှ မသိကိန်းတစ်လုံးနှင့်တူမည်ထင်ပါ၏။ ဤမသိကိန်းကား နည်းနည်းတော့ညှီပေမည်။

တမြန်နေ့မနက်ကဆိုလျှင် သူတို့သုံးကောင်သည် ဆရာမကြီး၏အိမ်ရှေ့ရေမြောင်းအတွင်း ပျော်ရွှင်စွာလမ်းသလားနေကြမည်ဟုမှတ်ရ၏။ အမျိုးတွေပင်ဖြစ်ကောင်းဖြစ်နိုင်သေးသည်။ စားရိုးစားစဉ်အကောင်မဟုတ်သောကြောင့် ခရုများကိုကြည့်ရင်းက တောင်တောင်အီအီကျွန်တော်တွေးမိ၏။ "စုပ် စုပ်"ဟုဆိုလျှင် ခရုကောင်ကိုကိုင်ကာ အဝမှ စုပ်ရသည်။ "အားနည်းနည်းစိုက်လေ" ဆိုသဖြင့် အားကလေးနည်းနည်းထည့်လိုက်မှ ပြွတ်ခနဲထွက်လာတော့သည်။ ခရုအသားကားမဟုတ် ၊ ရွှံ့ခဲဖြစ်၏။ တကျိကျိဝါးပြီးမှရွှံ့မှန်းသိသည်။ "ခရုလည်းမဟုတ်ဘူး ဘာကြီးလဲ" ဆိုရာ "ထွေးလိုက်ထွေးလိုက် ၊ ခရုထွက်မလာသေးဘူး ၊ ထပ်စုပ်ဦး"ဟု ပြောလေသည်။ ဤပုစ္ဆာအသစ်ကား အတန်ပင်ခက်၏။

"ဆရာက စားမှမစားတတ်ပဲ ၊ ဒီမှာကြည့် ကျွန်မပြမယ်" ဆိုကာ လက်နှစ်ဖက်နှင့် ဟိုအပေါက်ကိုပိတ်လိုက်  ဒီအပေါက်ကိုဖွင့်လိုက် မှုတ်လိုက် စုပ်လိုက် တပြွတ်ပြွတ်တရွှတ်ရွှတ်လုပ်ပြီးနောက် ခရုခွံကိုကိုင်ကာပြလေသည်။ ဒီလိုဖြင့်လွယ်လွယ် အညံ့မခံပြီ။ ကျွန်တော်လည်း မှုတ်၏ ၊ စုပ်၏ ၊ တရွှတ်ရွှတ်တပြွတ်ပြွတ်ပြု၏။ အပိုင်းပိုင်းပြတ်သော ခရုအသားလေးများသည် သဲတရှပ်ရှပ်နှင့် လျှာပေါ်ရောက်လာကြကုန်သည်။ ရွှံ့ပုပ်နံ့ကားထောင်းထောင်းထ၏။ ဘဝတကွေ့ ဘယ်အချိန်ပြန်တွေ့တွေ့မမေ့တော့ပြီ။

ထမင်းချိုင့်ဆေးသောအခါ ခရုခွံသုံးခုကို အမှိုက်ပုံးထဲသို့ ကျွန်တော်ပစ်ထည့်လိုက်၏။ ဂလောက် ခနဲမြည်သည်။ ဂလောက်မြည်သံသည် ကျွန်တော်သတိမပြုမိခင်တွင်ပင် ကျွန်တော့်ရင်ဘတ်ကို ရိုက်ခတ်သွားခဲ့ပြီဖြစ်၏။ အကြောင်းကိုရှာပါက ကျွန်တော်သည် ငယ်စဉ်က ခရုခွံများကို စုဆောင်းတတ်သူဖြစ်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ခရုခွံအကောင်းလေးများဆိုလျှင် ကျွန်တော်သိမ်းထားတတ်သည်။ ပဲ့နေ အက်နေလျှင်တော့ မသိမ်း။ ခရုများသည် အခွံအက်ပြီ ကွဲပြီဆိုလျှင် မကြာမီ သေကြရသည်ဟု ကြားဘူးသည်။ တနည်းအားဖြင့် အခွံသည် သူတို့အသက်ဖြစ်တော့သည်။ မပဲ့ မအက်သော ခပ်ကြီးကြီး ခရုခွံအကောင်းလေးများကောက်ရသည့်အခါတိုင်း 'ဤခရုကား သက်တမ်းစေ့အောင်ကျန်းကျန်းမာမာနေသွားရသောခရုဖြစ်လိမ့်မည်'ဟု ကျွန်တော်တွေးမိမြဲဖြစ်၏။ အမှိုက်ပုံးထဲမှ ခရုခွံများကား မကြီးလွန်းမသေးလွန်းများဖြစ်ကြောင်း မှတ်မိနေခဲ့သည်။

နှစ်အနည်းငယ်ကြာပြီးသောအခါ ဒုတိယအကြိမ်မြောက်ဖြစ်သော ခရုဟင်းကို ကျွန်တော်စားရပြန်သည်။ ဤတွင်လည်း သူငယ်ချင်းတစ်ယောက်အိမ်တွင်ပင်ဖြစ်၏။ သူငယ်ချင်းသည် ကျွန်တော့်လိုပင်အစုံစားသူဖြစ်ပြီး ကျွန်တော့်ထက်သာသည်မှာ 'သက်သတ်လွတ်စားခြင်း'ကို မယုံကြည်သူတစ်ဦးဖြစ်ခြင်းပင်။ ရဟန်းတွေကို သက်သတ်လွတ်စားခိုင်းဖို့ ဒေဝဒတ်က ဘုရားအားတိုက်တွန်းခဲ့ကြောင်းကို သူပြောမှ ကျွန်တော် စသိခဲ့ခြင်းဖြစ်သည်။ ဘုရားက သက်သတ်လွတ်စားဖို့ နှင့် စားခိုင်းဖို့ကို ငြင်းဆန်ခဲ့ကြောင်း သိရစဉ် ကျွန်တော်အလွန်ဝမ်းသာ၏။ 'သက်သတ်လွတ်စားခြင်းကား ဒေဝဒတ်လမ်းစဉ်တည်း'ဆိုသော သူ့အယူကိုတော့ ကျွန်တော် ဘဝင်မကျ ၊ လူတစ်ဦး၏ လွတ်လပ်ခွင့်ကို ထိပါးစော်ကားခြင်းဟုသာ မြင်သည်။ သက်သတ်လွတ်စားသည်ဆိုကာ ကြက်ပေါင်အတုပုံစံတူများ ၊ ပုစွန်အတုပုံများ ၊ ငါးအတုအကောင်များ လုပ်စားနေကြသူများကို လှောင်ရယ်မိသောနေရာတွင်တော့ ကျွန်တော်တို့ တူညီကြသည်။ ပုစွန်ထုပ်ပုံလုပ်ထားသော သက်သတ်လွတ်စားစရာအကောင်ကလေးကို ကိုက်ကာ ကိုက်ကာဖြင့် သက်သတ်လွတ်စားနေသူများကို နားမလည်နိုင်ခြင်းမှာ ကျွန်တော်၏မရင့်ကျက်မှုလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သူငယ်ချင်းက ခရုဟင်းချိုခွက်ကို လာချသောအခါ ကျွန်တော် စိတ်ညစ်သွားခဲ့ရသည်။ စွဲနေခဲ့ဘူးသောရွှံ့နံ့များ နှာဝတွင်ပြန်လည်လာသည်။ ခပ်သောက်ကြည့်တော့ မဆိုး ၊ ထင်ထားသလို နံလည်းမနံ ညှီလည်းမညှီပဲ အလွန်ချိုသောအရသာကို သတိပြုမိသည်။ သူငယ်ချင်းက ခရုစုပ်နည်း သင်ပေးပြန်သည်။ ခရုအသားကား အလွန်ချိုကြောင်း ထိုအချိန်မှ ကျွန်တော်စသိတော့၏။ ထိုခရုလေးများသည် ထိပ်ပိုင်းကို ခပ်တိတိဖြတ်ထားကြောင်း ၊ မကြီးမသေး အရွယ်တော်များသာဖြစ်ကြောင်း မှတ်မိနေခဲ့ပြီး အခွံများ ကောင်းမကောင်းကြည့်ရန်ကို ကျွန်တော်မေ့လျော့ခဲ့သည်။ ခရုခွံလေးများ စုဆောင်းတတ်သောအကျင့် ကျွန်တော့်တွင်ပျောက်ဆုံးခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်၏။

နှစ်အချို့ထပ်ကြာပြီးသောအခါတွင်ကား ခရုဟင်းချိုသည် မြို့ကြီးများတွင် လွယ်လင့်တကူဝယ်စား၍ရသော ဟင်းအမယ်ဖြစ်လာခဲ့သည်။ ပင်လယ်စာဆိုင်များတွင်လည်းကောင်း ၊ တိုင်းရင်းသားဆိုင်များတွင်လည်းကောင်း အချိန်မရွေး ဝယ်စားနိုင်ပြီဖြစ်၏။ ရှားရှားပါးပါး တခုတ်တရ စားစရာမမည်တော့ပေ။ အရသာများကလည်း ပို၍ကောင်းလာသည်။ ဟင်းရွက်တမျိုးခတ်ထားသော ရခိုင်ပုံစံ ခရုဟင်းချိုကို ကျွန်တော်အလွန်ကြိုက်သည်။ ရခိုင်ခရုထိပ်ချွန်လေးများသည် စုပ်ရလည်းလွယ်၏။ အရိုးပြားလေးကို ပြန်ထွေးလိုက်ရုံသာ။ ဟင်းရည်တစ်ပွဲလျှင် ဆယ့်ငါးကောင်မျှပါတတ်သည်။ အချိုကလည်း အလွန်လေးသည်။ ရွှံ့နံ့ ဒိုက်စော် စိုးစဉ်းမနံသည့်ပြင် မွှေးပါမွှေးသေးသည်။ ကျွန်တော်လည်း ခရုဟင်းချိုမကြာမကြာသောက်ဖြစ်လာခဲ့သည်။ ခရုပုစ္ဆာ၏မသိကိန်းကား ရှာတွေ့ခဲ့ပြီဖြစ်၏။

ဟင်းခွက်မပြောင်မီအထိ စိုပြေသောခံတွင်းသည် စုပ်ပြီးသော ခရုခွံများကိုကြည့်တိုင်း မအီမလည်ဖြစ်လာတတ်သည်။ စားပွဲထိုးကလေးကို တခါတရံကျွန်တော်မေးဖြစ်၏။ "ခရုတွေက အရှင်ကိုချက်တာလား ၊ အသေကိုချက်တာလား" ဆိုလျှင် အင်းအဲ လုပ်ပြီးမှ 'အသေ'ဟု ဖြေလေ့ရှိသည်။ မေးလိုက်တိုင်း အင်းအဲဖြစ်ဖြစ်နေသဖြင့် စိတ်တွင်ဘဝင်မကျသော်လည်း ထိုအဖြေကား ကျွန်တော်လိုချင်သောအဖြေဖြစ်နေသဖြင့် ကျေနပ်၏။

ဆိုင်တခါထိုင်လျှင် ခရုဟင်းချိုကို နှစ်ပွဲအထိသောက်တတ်လာသော ကျွန်တော့်စားပွဲပေါ်တွင် ခရုခွံများလည်း ပို၍များလာခဲ့သည်။ မိုးသည်းသည်းရွာသောတစ်နေ့တွင် ခရုဟင်းတစ်ပွဲစားပြီးစဉ် အပေါ့သွားရန်အတွက်ဆိုင်နောက်သို့ကျွန်တော်ဝင်ခဲ့၏။ တိုင်ကီငယ်တစ်လုံးထဲတွင် ခရုများစွာကိုတွေ့သည်။ မနေနိုင်သည်နှင့် "အသေတွေလား"ဟု မေးမိ၏။ "သေတဲ့အကောင်လည်းသေ ၊ ရှင်တဲ့အကောင်လည်းရှင်ပေါ့" ဆိုရာ "အသေကိုချက်တာဆို"ဟု မျှော်လင့်မှုနှင့်မေးမိသည်။ "အသေချည်းတော့မဟုတ်ဘူးလေ ၊ ဒီထဲကနေဆယ်ချက်လိုက်တာပေါ့ ၊ အသေတွေလည်းပါတာပေါ့ ၊ ခရုကသေရင်မချိုတော့ဘူး" အဖြေမှာ လျှာတွင်ချိုသလောက် နားထဲသို့ခါးသက်စွာစီးဝင်တော့သည်။ ခရုနှစ်ကောင်ကို နှိုက်ကြည့်မိသည်။ ငြိမ်နေသဖြင့် သေသည် ရှင်သည် ခွဲမရ။ 'အသေဖြစ်မည်'ဟု ကျွန်တော်တွေးယူသော်လည်း ထိုအတွေးမမှန်နိုင်ကြောင်းကို မသိစိတ်တွင် အလိုလိုသိပြီးဖြစ်နေတော့သည်။

အပေါ့သွားပြီးသောအခါ ကျွန်တော့်စားပွဲပေါ်တွင် ပူပူနွေးနွေးခရုဟင်းချိုတစ်ခွက် ထပ်ရောက်နေပြီဖြစ်၏။ ရွှံ့ပုပ်နံ့လည်းမညှီပါပဲလျက် ကျွန်တော်ကား စားရခက်လေပြီ။ စားပြီးသား ခရုခွံများကို ကျွန်တော်ကိုင်ကြည့်မိသည်။ အကောင်းပကတိ ခရုခွံလေးများတွင် ဓားဖြတ်ရာများက တိတိရိရိနှင့်ရှိကြသည်။ တစ်ဇွန်းခပ်သောက်၏။ စူးရှသောအချိုဓာတ်မှာ လျှာဖျားမှတဆင့် ရင်ဘတ်ထဲထိထိုးဝင်လေသည်။ သူတို့၏အသက်သည် ကျွန်တော့်လျှာကို ချိုစေ၏။ ငယ်စဉ်က ကောက်စုဘူးသော ခရုခွံလေးများကိုလည်း ကျွန်တော်သတိရသည်။ ကျွန်တော့်ရှေ့ ကတ္တရာလမ်းအစပ်တွင် မိုးပေါက်များထဲ တရွေ့ရွေ့သွားနေသော ခပ်ငယ်ငယ် ခရုနှစ်ကောင်ကိုလှမ်းမြင်နေရ၏။ ခရုဟင်းခွက်ကို စားပွဲတဘက်ခြမ်းသို့ တွန်းပို့လိုက်သည်။ ပူလွန်းသောကြောင့် ကျွန်တော့်လက်ချောင်းများကို ကျွန်တော်ပြန်ငုံထားခဲ့မိသည်။

စားပိုးထပ်မနင့်တော့သည်မှာ ကြာပြီဖြစ်၏။ အခြားသောအကြောင်းများဖြင့် သေခြင်းတရား၏ ရနံ့ကို ရှူရှိုက်မိချိန်များတွင် ကျွန်တော်၏အခွံကို စိုးရိမ်တကြီး ဆန်းစစ်မိမြဲသာဖြစ်ပါ၏။ တချိန်တွင် အက်ကွဲ၍ ပြန်မဆက်နိုင်တော့မှန်း သိလျှင်ပင် သိလျက်နှင့် ပြန်ဆက်လိုဆက်ငြား အက်ကြောင်းကို လျှာနှင့်လျက်နေဦးမည့် အသက်ရှင်နေလိုဆဲ လူတစ်ယောက်သာဖြစ်တော့သည်။

ခရုဟင်းချို ထပ်မသောက်ဖြစ်တော့သည်မှာလည်း ကြာပြီဖြစ်၏။ ကျွန်တော်ကား သက်သတ်လွတ်စားသူတစ်ဦး ဖြစ်မလာ ၊ သက်သတ်လွတ်စားရန်လည်း အာသီသမရှိသေး။ ပုစွန်အတု ကြက်ပေါင်အတု ကိုက်နေသူများကိုတော့ လှောင်ရယ်မရယ်တတ်တော့ပေ။ ဟိုတယ်ကြီးများပေါ်မှယနေ့ခေတ် ခရုဟင်းများသည်  ပိုလတ်ဆတ် ပိုခေတ်မီပြီး အနံ့ရောအရသာပါ ပိုကောင်းလာလိမ့်မည်ဟု တွေးမိသောအခါ ၊ ယင်းကိုလည်းကျွန်တော် မသိလိုတော့ပါ။

အလွန်လှသော အပြစ်အနာအဆာကင်းသည့် ခရုခွံလေးများ တွေ့ရသောအခါ ကျွန်တော်ကောက်ယူထားခဲ့ပါ၏။ ခရုခွံစုတတ်သော ကလေးငယ်များနှင့်တွေ့သည့်အခါ လက်ဆောင်ပေးရန်သာဖြစ်သည်။

(ယက္ခ)ရဲကြီး
290418 မှ 050518 ထိ
.
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/

No comments:

Post a Comment