Wednesday, May 16, 2018
ငါ့လင်​ နှင့် ​ငါ့​ငွေ
ငါ့လင်နှင့် ငါ့ငွေ
သိန်းဖေမြင့်။
လေသည် ပြင်းထန်စွာ တိုက်ခတ်လေ၏။ မန်ကျည်းပင်၊ ညောင်ပင်၊ ထနောင်းပင်ကြီးများပင် ဟိုယိမ်း သည်ယိမ်း ဖြစ်နေရကား တမာပင်၊ ဥနဲပင်၊ သနပ်ပင်၊ ဒဟတ်ပင်တို့ မှာ စွန်ကို ကြောက်သော ကြက်ကလေးများ ဝပ်သကဲ့သို့  ဝပ်၍သာ နေကြတော့၏။
သီးပင်အိုင်ရွာ၏ အနောက် ညောင်ပင်ကြီး၏ ကိုင်းမကြီးသည် ကျိုးလေပြီ။ ရွာအရှေ.ဘက် ထန်းပင်ကြီးလည်း လဲလေပြီ။ ရွာတောင်ဘက် ကုတ်ကိုပင်ကြီးလည်း ‘ဂျိ ဂျိ ဂျွှတ် ဂျွှတ် ဂျိုင်း’ ဟည်းကာ လဲလေပြီ။ ရွာဦးစေတီမှ ဆည်းလည်း ညောင်ရွက်များလည်း ပြုတ်ကျကုန်လေပြီ။ သင်းချိုင်းကုန်းရှိ သွပ်များလည်း လေဟုန်ကိုစီး၍ လေယာဉ်ပျံများကို တုပကြကုန်လေပြီ။ ဦးတိုး၏အိမ်၊ ဦးဖောင်၏တဲ၊ ဒွေးလေးခန့် ၏ စပါးကျီ၊ မဂွမ်းမှုံ၏ အိမ်တို့ သည် အမိုးမရှိ အကာတခြမ်းသာ ဖြစ်ကြလေပြီ။
လေနတ်သားသည် ထန်းရေ မူးနေသလော။ ရမ်းလွန်းလှသည်။ ကြမ်းလွန်းလှသည်။ ဝူးဝူးဝေါဝေါနှင့် တိုက်လိုက်သည်မှာ သန်းကောင်ကျော်မှ ရပ်တော့သည်။ လေရပ်လျှင်ပင် လျှပ်စည်းတဝင်းဝင်း၊ မိုးကြိုးတဒင်းဒင်း ဖြစ်လာလေသည်။ မကြာမီ မိုးရွာလေ၏။
နံနက်မိုးလင်းသောအခါ တရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်နေလေ၏။ မိမိတို့ အိမ်မှ အခြားသို့  အလည်အပတ် သွားနေကြသော ကိုထန်းရွက်၊ မကပ်တို့ အား သွားရောက် စုဆောင်းကြရသည်။ အားလုံးသော မန်ကျည်းရွက်များသည် ကြွေလေကုန်ပြီ။ ဦးဖောင်၏အိမ်မှ မန်ကျည်းရွက်များသည် ဒွေးလေးခန့် ၏ အိမ်မှ မန်ကျည်းရွက်များနှင့် ရောထွေးနေကြလေသည်။ တရွာလုံး၏ အမှိုက်များသည် ရေတွင်မျောလာပြီးနောက် သူကြီးမင်း ဦးဖိုးဝင်း၏အိမ်ရှေ.လမ်းတွင် စုဝေးကြကာ ‘သူကြီးမင်း ခင်ဗျား။ ကျွန်တော်တို့  သူကြီးမင်းအား အခွန်ဆက် လာကြပါသည်’ဟု ပြောဆိုနေကြဟန် ရှိလေ၏။
အရီးစိမ်း၏ အိမ်မိုးသည် ဟာလာဟင်းလင်း ဖြစ်နေလေ၏။ အချင်တန်းများ အနည်းငယ်သာ ကျန်လေတော့၏။
အရီးစိမ်းသည် မုတ်ဆိုးမ ပစ္စည်းပေါတဦး ဖြစ်သည်။ အသက်မှာ ၄၅ နှစ်မျှ ရှိပေဦးမည်။ ချောင်းအနီးတွင် ယာတော နှစ်တောရှိသည်။ မြေသြဇာကောင်းသည့် သနပ်တော ယာတိုက်ကိုလည်း ပိုင်လေသည်။ ၎င်း၏ယောက်ျားထံမှ ကျောက်မြေ လယ်တောတိုက်ကိုလည်း အမွေ ရလိုက်လေသည်။ ပဲပေး၊ နှမ်းပေး၊ ဆီပေး စသည့် အဆမတန် အဖိုးများတင်လျက် ဆင်းရဲသားများကို အကြွေးပေးလေ့ရှိသည်။ ငွေတဆယ်လျှင် တကျပ်တိုးဖြင့် ချေးငှားသော မြီရှင်လည်း ဖြစ်ပြန်သည်။ ကြွေးတောင်းရာ၌ လွန်စွာ ရက်စက်လေသည်။ ငွေမရက လှည်း၊ နွား၊ အိမ်တို့ ကို သိမ်းလေ့ရှိသည်။
ရွာ၌ သံဃဒါန ဆွမ်းလောင်းပွဲကျင်းပသောအခါ အများကမုံ့ ဆီကြော်၊ ပဲခွေ၊ ငပေါင်း၊ ဂတိုးကွာများ လောင်းလေ့ရှိသည်တွင် အရီးစိမ်းက ပေါက်ဆီ၊ မုံ့ ကြိုးလိမ်၊ ဂျလေဘီ၊ အုန်းသီး၊ ငှက်ပျောသီးများ လောင်းနိုင်လောက်အောင် ကြွယ်လေသည်။
အရီးစိမ်း၏ခင်ပွန်း ဦးငှက်ကြီးနှင့် ကြာရှည် လေးမြင့်စွာ ပေါင်းသင်းခဲ့သော်လည်း သားသမီး မရခဲ့ချေ။ နောက်ထပ် လင်လိုချင်သေးသော်လည်း မိမိပစ္စည်းများကိုသာ ဖြုန်းလို၍ အထုပ်အထည် မပါသော အိမ်ရှင်လောင်းများကိုသာ တွေ.ရသော ကြောင့် လင်လိုချင်သော အာလျနှင့် ငွေကုန်မည်စိုးသော ဗျာပါဒတို့ ကို ချိန်ခွင်စက်လိုက်ပါက ဗျာပါဒကသာ လေးလံနေလေသည်။
ယနေ့ မူ မိမိလင်သားမရှိ၍သာ ယခုလို အိမ်မိုး ဟာလာဟင်းနှင့် ဖြစ်ရသည်။ အိမ်မိုးမည့်သူ၊ ကူညီမည့်သူ နည်းရသည်။ ညကမိမိ လင်မရှိ၊ တကိုယ်တည်းမို့ သာ ပုလဲနားကပ်ကြီး မိုးတွင်းရင်း ပျောက်ရသည်။ အရီးစိမ်းသည် အားငယ်မိ၏။ ဝမ်းနည်းမိ၏။ အထူးသဖြင့် လင်ဆာမိ၏။ သို့ သော် ‘ငါ့ပိုက်ဆံတွေ ဖြုန်းမှာပါဘဲ’ဟူသော စလောင်းဖုံးကြီးဖြင့် လင်ရှိရင် ကောင်းမှာဘဲဟူသော အိုးကြီးကို ပိတ်ထားလိုက်သောအခါမှ လင်ရတနာ တို့ ၏ ဂုဏ်ကျေးဇူး အငွေ.အနံ့ သည် မထွက်လာဘဲ ရှိလေ၏။
လင်းလျှင် လင်းချင်းထန်းရွက် ငါးမတ်ဖိုးဝယ်၍ မိမိ လယ်လုပ်သား မောင်စံအေး၊ မောင်အောင်ဘန်း၊ မောင်ဖိုးနီနှင့် မောင်လှဒန်တို့ ကိုခေါ်၍ အိမ်မိုးခိုင်းရတော့၏။ ဆွမ်းခံ ပြန်ချိန်တွင် အိမ်မိုးခြင်း အတော်ပြီး၏။ ခေါင်အုပ်ရန်လောက်သာ ကျန်တော့၏။ အိမ်မိုးသူများအား ထမင်းကျွေးရန် ပြင်ဆင်လေ၏။ ဝက်သားနှင့် ကျောက်ဖရုံသီးချက်၊ ပဲတီချဉ်သုပ်၊ ဆပ်သားခြောက်နှင့် ငရုပ်သီးကြော်များနှင့် ကျွေးလေ၏။
ထမင်းစားခိုက် ဦးကျောက်လုံး ရောက်လာလေသည်။ ဦးကျောက်လုံးသည် မုတ်ဆိုးဖိုကြီး ဖြစ်လေသည်။ ရှေးကမူ တောပွဲစားဖြစ်ခဲ့၍ ယခုမူ သားရေကုန်သည် ဖြစ်နေလေ၏။ ၎င်း၏သား နှစ်ယောက်မှာ အိမ်ထောင်အသီးသီး ကျပြီးလျှင် တကွဲစီ နေကြလေသည်။ ဦးကျောက်လုံးသည် ကျောက်အိုး၊ ကုတ်ကိုစု၊ ကြက်ရိုးကုန်း၊ ညောင်ကန်ရွာ စသော ရွာများတွင် အသိအကျွမ်း လွန်စွာ ပေါလေသည်။ သားရေကုန်ကူးရသဖြင့် ပိုက်ဆံ လွန်စွာ မဖြစ်သော်လည်း တဝမ်းတခါးကို ကောင်းစွာ ကျွေးနိုင် ဆင်နိုင်လေသည်။ ၎င်း၏အသက်မှာ ငါးဆယ်မျှသာ ရှိသေးသည်။
ဦးကျောက်လုံးသည် အိမ်ခေါင်ကိုကြည့်ပြီး “ခေါင်မချုပ်ရသေးပါတကား ကွယ်ရို.”ဟု ပြောလေ၏။ အသံကိုကြားလျှင် အရီးစိမ်းသည် မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက်
“ဦးကျောက်လုံးပါလား။ ဘယ်သွားမယ်လို့ တုံး”ဟု မေးမှ ဦးကျောက်လုံးက ပြုံးပြီး
“မယ်စိမ်းရယ်၊ မလိုတမာ မေးတာလား။ ငါညည်း အိမ်မိုးဆိုလို့  လာတာကဘဲဟဲ့”ဟု ပြန်ဖြေလေ၏။ အရီးစိမ်းက
“ဟဲ ဟဲ၊ ဒီလိုဖြင့် ကောင်းပါရဲ. တော်။ ကဲ၊ အမှင်းများစားသွားပါအုံး။ ဆပ်သားခြောက်ကြော်လဲ ပါတယ်”
“ဟယ်၊ နေပါစေ”
“မဟုတ်ဖူး။ တော့်ဘို့  ပိုချက်ထားပါတယ်။ လာ လာ လက်ဆေး။ ဝင် ဝင်၊ ဒေါင်းဒန်းလဲ အဆံ့ သားဘဲ”ဟု ဇွတ်ပြောသော ကြောင့် ဖိုးကြိုင်းဒုတ်ဖြစ်သော ဖိုးကျောက်လုံးသည် ဆန်ဆေးရည်အိုးတွင် လက်ဆေး၍ ဝင်လွေးလေ၏။
ထမင်းစားပြီးလျှင် ကိုယ်စီကိုယ်င ပြောင်ဖူးဖက် ဆေးလိပ်ကြီးများကို ရှုကြလေ၏။ ဖိုးကျောက်လုံးသည် ရှော်သပ်နေလေ၏။ အရီးစိမ်းက အနားမှာထိုင်၍ သပ်ပီးရှော်များကို ရေအင်တုံထဲသို့  ထည့်နေလေ၏။ အတန်ကြာလျှင် ဦးကျောက်လုံးက ထမ်းတလက်ကို ဓားမောက်ဖြင့်ခွဲရင်း “မယ်စိမ်းရယ်၊ နင်စောစောက ပြောမထားလို့  ငါနောက်ကျတာ။ ခိုင်းစရာရှိ ခေါ်သာခိုင်း။ ဘာမှအားမနာနဲ့ ။ နင့်မှာ ယောက်ျားမရှိတော့ ဘသူမှ အားကိုးစရာ မရှိဘူး။ ငါ့ကို အရင်းလို သဘောထားပြီး ခိုင်းတာပ”ဟု စလေ၏။
“တော်ပြောတာဟာ အကောင်းသားပ။ အကျွန်နဲ့  တော်နဲ့  ရွှေမျိုးမဟုတ်တော့ မခိုင်းဝံ့ဘူး”ဟု ပြောပြီး ပေါလောပေါ်နေသော ရှော်များကို ရေထဲသို့  နှစ်လိုက်လေ၏။
“မယ်စိမ်းရဲ.။ ရွှေမျိုးမှ ခင်ခင်မင်မင် အားကိုးရတာမဟုတ်ဖူး။ ငါတို့ လို လူဘဲ အားကိုးရတယ်။ လုပ်ဖို့  ကိုင်ဘို့  ဆိုတာကတော့မေတ္တာသာ အရင်းခံဘဲ။ ကြားလား”ဟု စကားကောင်းနေစဉ် “အရီးစိမ်း။ ကျုပ်တို့  ခေါင်ပေါ် တက်တော့မယ်”ဟု စံအေးက အရေးကောင်း ဒိန်းေးဒါင်းဖျက်လိုက်လေ၏။
အရီးစိမ်းက “အေး အေး။ ခေါင်းလောင်း မထိုးခင် ပြီးအောင်လုပ်ကြအုံးကွယ်”ဟု ပြောပြီးလျှင် ရှော်များ သွားပေးလေ၏။
ဖိုးကျောက်လုံးသည် အရီးစိမ်း နောက်သို့  လိုက်ပြီး “မယ်စိမ်း။ ငါရော ခေါင်ပေါ်တက်အုံးမှဘဲ”
“မလုပ်ပါနဲ့  တော်ရယ်၊ ကျကျိုးနေပါအုံးမယ်။ သန်သန်မာမာလူတွေလုပ်ပါစေ”
“မဟုတ်ဖူးလဟဲ့။ ငါက နွားပျိုသန်လှ၊ နွားအိုပေါင်ကျိုး တာထဲကဟဲ့။ ဖယ် ဖယ်၊ ငါတက်မယ်”
“အို အို၊ မတက်ပါနဲ့ ။ မောင်မင်းကြီးသား ဘုရားဖြစ်မယ့်လူကြီးရယ်။ မလုပ်ပါနဲ့ တော်။ အကျွန် မမြင်ဝံ့ ပါဘူး”
“ဘဟာ့အရာ ကြောက်ရမှာတုံး။ ငါက မယ်စိမ်းအတွက်ဆိုရင် ကျလို့ သေသေ၊ တက်ပြီး လုပ်ကိုင်ချင်တာဘဲ။ ညည်းအိမ်ခေါင် သိပ်ပြီး ချုပ်ချင်တာဘဲ။ ညည်းက သဘောတူမလား”ဟု စပ်ဖြဲဖြဲ မေးသံကို ဖိုးနီသည် ရိသဲ့သဲ့ ကြားရသဖြင့် လှဒန်အား တတောင်နှင့်တွတ်ပြီး ထမ်းရွက် သွားသယ် ကြလေ၏။
ထိုနေ့ တွင် ခေါင်ချုပ်ခြင်း ပြီးစီးသွားလေ၏။
၂
ဦးကျောက်လုံးသည် အရီးစိမ်း မည်၍ မည်မျှ ချမ်းသာသည်ကို သိ၏။ မိမိမှာ ယခုနေအခါ၌ စီးပွားရေးမဖြောင့်ဘဲ သားရေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ကြပ်တည်းနေ၏။ အသက်ငါးဆယ်တွင် ဖြစ်သော်လည်း ဥပုပ်စောင့်သွားရာတွင် ဗျက်ရွက်မည့်သူ လိုသေး၏ဟု အမြဲနှလုံးသွင်း၏။ ထမင်းအချိန်မှန် ချက်ကျွေးမည့်သူလည်း လိုသေး၏။ ဆေးလိပ် လိပ်ပေးမည့်သူ၊ လုံချည်ယက်ပေးမည့်သူ ရှိထိုက်သည်ဟု အယူရှိလေ၏။ အခြားအခြားသော ဇနီးမောင်နှံ ပျိုပျိုစိုစိုဖြစ်စေ၊ ယိုယိုအိုအိုဖြစ်စေ အတူတကွ သွားလာနေထိုင်သည်ကို မြင်လျှင် အားကျဆဲ အားကျတုန်းဖြစ်၏။ ထို့ ကြောင့် ပစ္စည်းလည်းရှိ။ အရွယ်မှာလည်း မိမိနှင့် ရှေ.သွားနောက်လိုက် ညီ။ ရုပ်ရည်မှာလည်း ဖြူဖြူဖွေးဖွေး၊ သားသွေး စိုစို၊ မောက်မိုဖောင်းကြွ၊ ဝ ဝ စက်စက်၊ အမက်ကြီး မက်စရာသဖွယ်ဖြစ်သော အရီးစိမ်းကို သဒ္ဓာ၏။ မြတ်နိုး၏။ မေတ္တာရှိ၏။ ကရုဏာသက်ဝင်၏။ လျှောမွေးနှင့် ဗာရာဏသီ မဖွဲ.ဆိုပါသော် ယခု ဝါမဆိုမီ လိုချင်လေ၏။
သို့ ကြောင့် အခါအခွင့်ရတိုင်း အရီးစိမ်းထံ သွားရောက်လည်၏။ ကျက်ဟင်းခါးသီးချက်တွင် ပင်စိမ်းကြီးခပ်သကဲ့သို့  ရိုးရိုး ရိုးရိုးနှင့် ပြောသမျှ စကားတွင် ချစ်ရိပ် ကြိုက်ရိပ် အငွေ.အသက်များ ထည့်၍ ပြောလေ့ရှိ၏။
ညနေ နေဝင်ဖျိုးဖျား အချိန်တွင် အရီးစိမ်းသည် အိမ်ရှေ. ကွပ်ပျစ်ပေါ်၌ ပဲကြီးရေစိမ်ကို အခွံ သင်နေလေ၏။ ဦးကျောက်လုံးသည် ရောက်လာ၍ ကွပ်ပျစ်တွင် ထိုင်လေ၏။ အရီးစိမ်းက ဆေးလိပ်တည်လေ၏။
ဦးကျောက်လုံးသည် ခါတိုင်းကဲ့သို့  သွက်သွက်လက်လက်မရှိဘဲ ငေးမှိုင်တွေဝေနေလေ၏။ တစုံတရာကို စဉ်းစားနေဟန်ရှိလေ၏။ တံတွေးကို ခဏခဏ မျို၍ ချောင်း မကြာကြာဟန့် သည်ကို တွေ.ရလေ၏။ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို အခိုးတထောင်းထောင်းနှင့်နေအောင် ဖွာလေ၏။ အရီးစိမ်းသည် ဦးကျောက်လုံး အခြေပျက်သည်ကို သိသော်လည်း မသိယောင်ဖြင့် “ပဲကလဲ စုံးကြူးတွေ သိပ်ပါတာပါဘဲ”ဟု စကားစ လိုက်လေ၏။
“အေးလေဟယ်၊ စုံးကြူးတွေ သိပ်ပါတာဘဲ။ သဟာကြောင့် ကန်ဦးတိုက်ဆရာတော် ဦးမိတ်က ပဲစုံးကြူးလို လူယုတ်တွေ လောကမှာ သိပ်ပေါတာဘဲလို့  ဟောတာပ။ စင်စစ် လိုက်ကြည့်တော့ ငါတို့ သတ္တလောကကြီးမှာ လူမိုက် လူဗလနံတွေ သိပ်ပေါတာဘဲ။ ကြည့်ပါလား၊ တောင်ဘက်အိမ်က မောင်ခွက်ကြီးက ထန်းရည်သမား ဗျား။ မြောက်ရပ်က မောင်ခြုံတို့ များ ကျောင်းတကာဆိုပြီး ကြက်သမားကြီး ဗျား။ ဦးဗျောဝိတော့ သေခါနီး သင်းချိုင်း ခြေတဖက်နင်းတောင်မှဘဲ ဖဲရိုက်တုန်း ဗျား။ ဒီရွာမှာဆိုရင် ငါလိုလူ ရိုးရိုးသားသားနေပြီး ငါးပါးသီလ လုံခြုံတဲ့လူ မရှိဘူးဟဲ့။ ငါ့ကိုယ်မို့  ငါပြောတာ မဟုတ်ဖူး။ သတ္တလောကကြီးမှာ ငါလို လူလိမ်မာ အရှားသားဘဲ”ဟု ပြောသည်တွင် အရီးစိမ်းက ဟင်းကနဲ သက်ပြင်းကြီးချပြီး
“အကျွန်ရို့  မောင်ငှက်ကြီးတော့ ရိုးရှာပါတယ်တော်။ တသက်နဲ့  တကိုယ် တခါမှ ထရည် မသောက်ဖူးဘူး။ ဖဲမရိုက်ဖူးဘူး။ သူများကို ဘယ်တော့မှ မညစ်ဖူး။ ရိုးရှာပါတယ်။ အကျွန့် အပေါ်မှာဆိုရင် သိပ်ကောင်းရှာတာပါဘဲ။ နေရာတကာ အလိုလိုက်ရှာတယ်။ လင့်ဝတ္တရားပြည့်အောင် စောင့်ရှောက်ပါပေတယ်တော်။ မောင်မင်းကြီးသား ဘုရား သိကြား မလို့ ကောင်းရာ မွန်ရာ ရောက်ပါစေတော်”ဟု ဆုတောင်းရင်း မျက်ရည် လည်လာလေသည်တွင် လက်ခေါက်နှင့် မျက်ရည်ကို ပွတ်လိုက်လေ၏။
“အဲ့သည်လိုမို့  အကျွန် ခဏခဏ အောက်မေ့ပြီးနေတာပေါ့။ သိပ်လွန်းတာဘဲ ဦးကျောက်လုံးရယ်”
“ငါလဲ ကနေ့ ဘဲ စဉ်းစားနေတာ”
“လွန်းရုံ မကသေးဘူးတော့်။ အကျွန့် မှာ သူရှိတုန်းက လုပ်တဲ့အလုပ်တွေ အကုန်လုပ်နေရတော့ အင်မတန် ဒုက္ခများတယ်”
“အားလဲ ငယ်မှာဘဲ။ ဒီတော့ ငါတခုပြောမယ်၊ နားထောင်မှာလား”
“ပြောပါတော်၊ ပြောပါ”
“မိန်းမဆိုတာ နေရာတကာမျိုး လုပ်လို့ တင့်တယ်တာ မဟုတ်ဖူး။ ညည်းမှာ လယ်သီး ယာသီး သိမ်းရတယ်၊ ကြွေးတောင်းရတယ်ဆိုတာ နှယ်နှယ်အလုပ်မဟုတ်ဖူး။ ညည်းကိုတော့ ကိုငှက်ကြီးကို ကြောက်သလို အလုပ်သမားတွေ မကြောက်ဖူး။း လယ်သီး ယာသီးကိုလဲ လိမ်ပြီး ပေးချင်တာဘဲ။ တရာထွက်ကို ကိုးဆယ်ဆိုလဲ ယုံရတော့တာဘဲ။ ညည်းကလဲ သွားပြီးမကြည့်နိုင်ဘူး။ ဒီတော့ ဒီလိုအတွက် စိတ်ချရမယ့် လူတယောက်ရှာပြီး”ဟု ပြောပြီး ဆေးလိပ်ကို ရှုရှိုက်နေပြန်လေ၏။
“ရှာပြီး ဘာလုပ်ရမလဲ။ အခ တော်တော်ပေးရမှာပေါ့”
“ဟဲ့၊ အခစားကို ငါပြောတာ မဟုတ်ဖူး။ ရိုးရိုးသားသား ယောက်ျားတယောက်ကို ရှာပြီး ယူဘို့ ပြောတာ”ဟု ပြောသည်တွင် အရီးစိမ်းက နှုတ်ခမ်းစူပြီး
“အမလေးတော်၊ ယောက်ျားတော့ နောက်ထပ် မယူပရစေနဲ့ ”ဟု ယောက်ျားဆိုက ကျားကဲ့သို့ ကြောက်သော မျက်နှာမျိုးဖြင့် ပြောလေ၏။
“ဦးကျောက်လုံးရယ်၊ အကျွန် လင်လဲ မလိုချင်ပါဘူး။ လိုချင်ပြန်လဲ ရိုးရိုးသားသားနဲ့  အကျွန့် ပစ္စည်း ပွားများအောင် လုပ်မယ့်လူ တွေ.မှာ မဟုတ်ပါဘူး”ဟုပြောကာ ပဲခွေ များကိုဆန်ခါထဲသို့ ထည့်လေ၏။
“ယူမယ်ဆိုရင်တော့ မရှားပါဘူး လဟာ။ တွေ.နိုင်ပါတယ်”
“ရှားပါတယ်တော်ရယ်၊ အကျွန်ဖြင့် တယောက်မှ မမြင်ဘူး”
“အမယ်လေး အဝေးရှာဘို့  မလိုပါဘူး။ နားရွက်လိုပေါ့။ နားရွက်ကို မျက်စိနဲ့ တော့ ကြည့်လို့  မမြင်ရပေမယ့်၊ လက်နဲ့  ကိုင်စမ်းတော့ အနီးကလေးမှန်း သိရသလိုပေါ့။ မယ်စိမ်းကတော့ မမြင်ဘူး ထားပါတော့၊ အခုနေ လက်နဲ့ သာစမ်းပါတော့၊ မယ်စိမ်း အနားက ကြမ်းတပြေးထဲ ထိုင်နေတာကို စမ်းမိပါလိမ့်မယ် ဟဲ ဟဲ”ဟု ပြောပြီးနောက် စပ်ဖြဲဖြဲ လုပ်နေလိုက်လေ၏။ အရီးစိမ်းသည် မျက်နှာညိုသွားပြီး ဒေါသအမျက် ခြောင်းခြောင်း ထွက်ကာ
“သွား၊ သွား။ ကျုပ်အိမ် မလာခဲ့နဲ့ ။ ဒီလို စိတ်ထားမျိုးနဲ့ ဆိုရင် ကျုပ်ကို ဘယ်တော့မှ မခေါ်နဲ့ ”ဟု ငေါက်ဆတ်ဆတ် ပြောလေ၏။
“စိတ်မဆိုးပါနဲ့ အုံး မယ်စိမ်းရယ်။ ငါကညည်းကို တကယ်ကို ကြိုက်နေတာ ကြာလှဘီ။ ကိုငှက်ကြီးကိစ္စ ပြီးကထဲက ငါကြိုက်နေတာ”
“အသေကောင်ခြောက်ကြီး သွား သွား။ ဟဲ့ သေခြင်းဆိုးကြီး။ သွား သွား မလာခဲ့နဲ့ ။ ငါ နင့်မျက်နှာ မကြည့်ချင်ဘူး”
“စဉ်းစားပါအုံး မယ်စိမ်းရယ်”
“ဘာ စဉ်းစားရမလဲ။ စောက်၊ ဟင်း ဆဲလိုက်ရ၊ မဘွေးကိုက်ကြီး။ လောင်မီးကျ၊ သွားဟဲ့၊ ခုသွား”
“မယ်စိမ်းကို ရမှသွားမှာ။ ငါက အဟုတ်တကယ် နှစ်ကယ် ဘုရာစူးရစေတော့ ကြိုက်တယ်ဟဲ့”
“သွားဆိုတာ မသွားဘူးလား၊ အော်ဆဲရမှာလား၊ တဏှာအိုးကြီး၊ သေနာ ဘော်ကြီး”ဟု ကျယ်လောင်စွာ ဆဲလေ၏။
“ကြိုက်ဖို့  တောင်းပန်တာပါ အေရယ်။ နဲနဲကလေးမှ ပြန်မကြိုက်နိုင်ဘူးလား။ ငါက ရိုးရိုးတန်းတန်း၊ သားမှတ်မှတ် မယားမှတ်မှတ်”
“ကဲတော့ ကဲတော့ သားမှတ်မှတ် မယားမှတ်မှတ်”ဟု အံသွားကြိတ်ပြောပြီး ပဲခွံ ထည့်သော ဆန်ခါနှင့် ဦးကျောက်လုံးအား ခုတ်လေ၏။
“အမယ်လေးဗျ၊ အမယ်လေးရဲ.လေး။ လုပ်မှ လုပ်ရက်ပလေတယ် အေရယ်။ ငါ့မှာတော့ မေတ္တာရှိလွန်းလို့  ပြောတာပါဗျာ။ မချစ်ပေမယ့် သနားပြီး မချစ်သော်လဲ အောင့်ကာ နမ်း၊ မနမ်း သော်လဲ ပင့်သက် ရှုထိုက်ပါရဲ.ဗျာ။ လုပ်မှ လုပ်ရက်လေဗျာ။ ကျွတ်၊ ကျွတ် မယ်စိမ်းရယ်။ နာမည်နဲ့  လိုက်အောင် စိမ်းကားပါပေရဲ.ကွယ်”ဟု ပြောပြီး ထိုင်ရာမှထ၍ “ကြုံသေး ဟေး ဟေးတယ်၊ ကုန်ဆွေးဗျာထုကြွယ်။ ဘယ်ရှေးကံရယ် စီမံဖန်လာပါတော့တယ်၊ တယ် ရတယ် တဲ့ရယ် တတူနဲ့  တဲ့”အသွားမျိုးဖြင့် သွားသည်တွင် မိမိ ဇိုးကနဲ ဇတ်ကနဲ လုပ်လိုက်သည် မှာ လွန်သွားလေပြီဟု အမှတ်ပြုကာ
“ဦးကျောက်လုံး၊ နေအုံး၊ ပြောရအုံးမယ်။ ထိုင် ထိုင်၊ တော့်ကိုက တယ်ကဲတာကိုး။ အကျွန်ကတော့ တော့်ကို ဆွေမျိုးအရင်းလို သဘောထားပြီး အားကိုးအားထား ပြုနေတာကို တော်ကြီးက ကလေးကလား ပြောလာတော့ အကျွန်က လုပ်လိုက်တာဘဲ”
“မယ်စိမ်းရယ်။ ကြီးကြီးငယ်ငယ် ယောက်ျားနဲ့  မိန်းမဆိုတာ ဓာတ်ဖိုနှင့် ဓာတ်မဆိုတော့ ဘယ်ဆွေမျိုးလို မိတ်ဆွေလို သဘောထားပြီး ပေါင်းနိုင်ပါမလဲဟယ်။ ညည်းဘဲ စဉ်းစားပါတော့။ ငါဟာ ပုထုစဉ်ဘဲဆိုတော့ ညည်းကို မကြိုက်ဘဲ မနေနိုင်ဘူး။ ညည်းက အလွန်ချစ်စရာ၊ ကြိုက်စရာ၊ ကောင်းတာဘဲ။ ကဲပါဟယ်၊ ငါချစ်သလိုများ ချစ်စမ်းပါဟယ်”ဟု ကြက်အိုကြီး ချွဲသကဲ့သို့  ချွဲပြန်လေရာ
“မဖြစ်နိုင်ဘူး ဦးကျောက်လုံးရယ်။ အကျွန်တော့ အကြိုက်နိုင်ဘူး”ဟု ပြောပြီး စကောကို ကွပ်ပျစ်ပေါ်သို့  ပြန်ချလေ၏။
“မယ်စိမ်းရယ် ဖြစ်နိုင်ပါတယ်။ ကြိုက်စမ်းပါကွယ်၊ ကြိုက်စမ်းပါကွယ်။ ကြိုက်စမ်းပါ။ ငါတော့ ညည်းမရရင် သေတော့မယ်။ ဘုရားကို စူးပါစေရဲ.”ဟု ဆိုပြီး၊ ဇလုံကိုင်ထားသော အရီးစိမ်း၏ လက်ကို ဆွဲလိုက်လေရာ အရီးစိမ်းသည် လက်ကို ရုတ်တရက် ပြန်သိမ်းပြီး ပဲကြီးဇလုံနှင့် ဦးကျောက်လုံး၏ ထိပ်ကို သုံးကြိမ်မျှ ခုတ်ပြန်လေ၏။
“ဟဲ့ သွား သွား၊ ခွေးမျိုးကြီး။ အလောင်းကောင်၊ စောက်။ စောက် တဏှာရူး။ သွားဟဲ့၊ ကဲတော့ ကဲတော့။ ကဲ”ဟု ပြောပြောဆိုဆို ခုတ်လေရာ နဖူးကွဲ၍ သွေးထွက်လာလေ၏၊ ဦးကျောက်လုံးသည် အပြဲကို လက်ဝါးဖြင့် အုပ်ရင်း “အမယ်လေးဗျ၊ နာလှချည်ရဲ.ဗျာ့။ မယ်စိမ်းရယ်၊ မယ်စိမ်းရဲ.၊ ကယ်ပါအုံးကွယ်။ အမယ်လေးကျွတ် ကျွတ်။ မူးလှချည်ရဲ.ဗျာ။ မယ်စိမ်း မကယ်ရင် ကယ်မယ့်လူ မရှိပါဘူးဗျ။ အမယ်လေး၊ မယ်စိမ်းမကယ်ရင် သေရတော့မယ်။ အလိုဘုရား၊ ကျွတ် ကျွတ်”ဟု ဆိုကာ ကွပ်ပျစ်ပေါ်တွင် လှဲလိုက်လေ၏။
အရီးစိမ်းသည် မျက်စိ ပြာသွားလေ၏။ ‘ခက်ကြပေါ့နော်၊ လက်လွန်ပြီ’ဟု တွေးကာ ခြေမကိုက်မိ လက်မကိုင်မိ ဖြစ်နေလေ၏။ ဦးကျောက်လုံးအား သနားလာလေ၏။ မိမိသည် ရက်စက်စွာ့တကား။ ကြမ်းကြုတ်စွာ့တကား။ မညှာမတာ ရိုက်ရက်စွာ့တကား’ဟု ယူကျုံးမရ ဖြစ်ပြီးလျှင် ဦးကျောက်လုံးကို ဖေးထူပြီး
“မူးသေးသလား ဦးကျောက်လုံး။ နာသလား။ အို၊ သွေးတွေက တယ်ထွက်ပါကလား”ဟု ပြောလေ၏။
ဘကြီး ကျောက်လုံးသည် မျက်စိကလေး ကလယ်လယ် လုပ်ပြီးနောက်
“မယ်စိမ်းရေ၊ မင်းဘယ်လောက် စိမ်းကားပေမယ့်၊ ရက်စက်ပေမယ့်၊ ငါစိတ်မဆိုးပါဘူးကွယ်။ ကယ်ပါ” ဟု ဆို၍ မျက်စိမှိတ်၏။
“အကျွန်မရက်စက်ချင်ပါဘူး။ သို့ ပေမယ့် တော့်ကို ကဲလွန်းလို့  စိတ်ဆိုးမိတာဘဲ”
“အော် မယ်စိမ်းရယ်၊ ကြိုက်တာကိုး။ ကြိုက်မရှက်။ ငတ်မရှက်တဲ့ကွယ့်။ ကြိုက်လွန်းလို့  ပြောမိတာဘဲကွယ်။ ညည်းအခု ရိုက်ပေမယ့် ငါချစ်တာက မပျက်ဖူး။ ကိုယ် ပေါက်ပြဲပေမယ့် အချစ် မပေါက်ဖူး။ မယ်စိမ်းက ဓားနဲ့  ထိုးပေမယ့် ညည်းချစ်တာဟာ မပျောက်မပျက်ဘဲ၊ နောင်ဘဝတောင် ဆက်လက်ကြိုက်မှာဘဲ”ဟု အာဘော်ကုန်ကြဲ၍ မယ်စိမ်း၏ ရင်ခွင်တွင် ခေါင်းတင်ကာ ငြိမ်နေလေ၏။ မယ်စိမ်းက ပြုံးပြီး “အဟုတ် ပြောတာလား ဦးရွှေလုံးကြီးရဲ.”
“အဟုတ်ပါကွယ်။ ဘုရားစူးပါရစေရဲ.”
“ဒီလိုဖြင့် အကျွန်လဲ ပြန်ချစ်ပါပြီ ဦးရွှေလုံးကြီးရဲ.”ဟု ပြောမှ ဦးကျောက်လုံးသည် အရီးစိမ်းအား ‘ချစ်စို့  ကွယ်တဲ့ ကြိုက်စို့ ကွယ်။ ဘယ်ဖက်ကာ ညာလှမ်းလို့ ’ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်လေ သတည်း။
၃
‘အင်း၊ ငါတော့ ကော်တာဘဲ။ ရွှေဂျိုးဖြူ မူလခဲသိုက ထက် ဖောတဲ့သိုက်ကို တူးမိပြီ။ ဒီလိုသိုက်မျိုးဆိုတာ အနိယတ္တ ကုသိုလ်မျိုးနဲ့  မဖြစ်ဖူး။ ကော်တယ်၊ ငါကော်တယ်။ ငါ ငါ့သားရေ အလုပ် ဖြုတ်တော့မယ်။ အကုသိုလ်ကြီးတယ်။ လူပင်ပန်းတယ်။ ဂုဏ်လဲ ရှိတဲ့အလုပ် မဟုတ်ဖူး။ ဒီလို အနာခံတော့ အသာစံ ရတာဘဲ။ မယ်စိမ်း မယ်စိမ်း၊ ငါ ငကျောက်လုံး မင့်းလင် ဖြစ်ပြီနော်’ဟု တွေးတောရင်း အိမ်ပြင်ဘက်မှ “ဆွမ်းတော်ဗျို.၊ ဆွမ်းတော်ဗျို.”ဟု အော်သံကြားသဖြင့် ထထိုင်လေ၏။ အနားမှ ခွေခွေကလေး အိပ်၍ နေသော အရီးစိမ်းအား သာယာ ညင်းပျောင်းစွာ လက်နှင့် ပုတ်နှိုးပြီး
“ဟဲ့၊ မယ်စိမ်း၊ မယ်စိမ်း။ ထ လကွယ်။ နေမြင့် လှပြီ။ ကနေ့ တော့ ရှင်မ ဆွမ်းတော်တောင် မမှီတော့ဘူး” ဟု ပြောလေ၏။
အရီးစိမ်းသည် ခါးတွန့် ကာ ထပြီး
“ဆွမ်းတော်မှီပြန်လဲ ဆွမ်းဟင်းမှီမှာ မဟုတ်ဖူး။ ဆွမ်းဟင်းချက်မယ့် ပဲတွေက မနေ့ ညက မှောက်ကုန်ပါပေါ့ကော”ဟု ပြောကာ မျက်နှာသစ်ရန် ထသွားလေ၏။
‘အင်း မယ်စိမ်း မယ်စိမ်း။ ခုလို ဆံပင်ကလေး ဖိုးယိုဖားယား၊ ထမီမနိုင် ပုဝါမနိုင်နဲ့  ခပ်ယိုင်ယိုင်ကလေး သွားတော့လဲ ကြည့်ကောင်းသားဘဲ။ အဆုံးမှာတော့ ငါကော်တာဘဲ။ တင့်တင့် တယ်တယ်နဲ့  သူကြွယ်လဲ အခေါ်ခံရသေးရဲ.။ ကုသိုလ်များ အကျိုးပေးပလားဆိုမှဖြင့် ပစ္စည်းဆိုတာလဲ အလုပ်မလုပ်ဘဲ ရတတ်တာမျိုးကိုး။ ငါပျော်ပျော်နေမယ်။ ကောင်းကောင်း စံစားမယ်။ ပိုးသားပုဆိုး များများဝယ်ဝတ်လိုက်မယ်။ ဂန်ဒီဖျင်ချောချောကို တိုက်ပုံအင်္ဂျာီ ဝယ်ချုပ်လိုက်အုံးမယ်။ သြော် အဟောသုခံ အဟောသုခံ’ဟု တမ်းတ ဥဒါန်းကျူးရင်း မျက်နှာ သစ်လေ၏။
သို့ ဖြင့် လူသိပေါင်းသင်းလာခဲ့ရာ အတော်ကြာလျှင် ဦးကျောက်လုံးသည် အတွေးနှင့် အတွေ. ကွာလှသည်ကို သိစ ပြုလေ၏။ လူရည်တတ်နှင့် ညားရ၍ ချောင်ချောင်ချိချိ နေရမည်ဟု ထင်ခြေများမှာ အလွန်မှားလေ၏။ တောသို့  ယာများ လယ်များကို ခဏခဏ သွားရောက် ကြည့်ရလေ၏။ လုပ်သားများနှင့် ခဏခဏ စကား များရလေ၏။ တလလျှင် ဆယ့်လေးငါးခေါက် အခြားရွားများသို့  အကြွေးတောင်း ထွက်ရ၏။ လယ်သီး ယာသီးများ ရလျှင်လည်း မိမိကိုယ်တိုင် ရောင်းချလေ၏။ နှမ်းရလျှင် ဆီဆုံ၌ ပွတ်ရ၊ လှောင်ထားရ၊ ရောင်းရဖြင့်လွန်စွာ အလုပ်များလေ၏။ နှမ်းဖတ်က တမျိုး ဒုက္ခပေးသေး၏။ မြေပဲရလျှင် နေလှမ်းရ၊ အခွံနွာရ၊ ဆီပွတ်ရ၊ ကျီးခြောက်ရဖြင့် အလုပ်တွေ တောင်ပုံရာပုံ ရှိနေတတ်သဖြင့် ‘မြေပဲ မရပါစေနဲ့ ဗျာ’ဟုသာ ဆုတောင်းတော့၏။
ညနေ ညနေလည်း ရွာဦးကျောင်း ရေကန်မှ အိမ်သို့  တိုင်အောင် ရေထမ်းရသေး၏။ အိမ်အောက် အိမ်ဝင်းတွင် တံမြက်လှဲရသည်မှာလည်း နဖူးမှချွေး ခြေမ ကျတော့၏။ အိမ်ဝင်းထဲတွင် ချဉ်ပေါင်ပင်၊ ငရုတ်ပင်၊ ဗူးပင်၊ ပဲလင်းမွေပင်၊ ခဝဲပင်တို့ ကို ရေလောင်းရသည်မှာ ကြီးလှသော ဒုက္ခဖြစ်၏။ မိမိ မလုပ်ချင်ဟု အရီးစိမ်းအား တွက်ရန်မှာလည်း မသင့်လျော်ချေ။ အရီးစိမ်းသည် ကိုယ်တိုင် ထင်းခွေ၏။ ကိုယ်တိုင် ဟင်းရွက်ခူး၏။ ထမင်းချက်၏။ ဗိုင်းငင်၏။ ဝါဖတ်၏။ ယက်ကန်း ရှည်၏။ ယက်ကန်းရက်၏။ သို့ ဖြင့် မအားအောင် ရှိနေလေ၏။ မိမိက “မယ်စိမ်းရယ် ငါမောလှတယ်။ ရေအထမ်း ငှားပါကွယ်”ဟု ၎င်း၊ “မယ်စိမ်းရယ်၊ ငါပျင်းလှတယ်ကွယ်။ ဆီဆုံ မမောင်းပါရစေနဲ့ ”ဟု ၎င်း ပြောမိလျှင် “အဲ၊ တော်တို့ လို မောနေမယ် ပျင်းနေမယ်ဆိုရင် အကျွန် ဒီလို စီးပွားမဖြစ်ဖူး။ ချမ်းသာ ချင်ရင် အလုပ် လုပ်ရတာဘဲတော့်”ဟု ပြောသောကြောင့် ဆိတ်ဆိတ် နေရလေ၏။
တခါတခါ အရီးစိမ်း ထင်းစည်းကလေး ရွက်၊ ဟင်းရွက်အိတ်ကလေး လွယ်လျက် ပြန်လာရာ ချွေးတဒီးဒီးနှင့် မောနေသည်ကို မြင်လေလျှင် သနားလှ၍ “ကဲ၊ နောက်ထပ် ထင်းမခွေပါနဲ့ ဟယ်။ ဝယ်တာပေါ့။ ဟင်းရွက်တွေလဲ တပြားဘိုးဝယ်ရင် သုံးလေးမယ် ရတာဘဲ။ ဘဟာ့အရာ အမော ခံနေတာလဲ”ဟု ပြောသည်တွင်
“မောင်က မောင်မလုပ်ချင် နေပါတော်။ အကျွန်တော့ ပိုက်ဆံမကုန်ရင် ပြီးရော။ ဘာမဆို လုပ်မှာဘဲ။ လုံ့ လနဲ့ ဘာနဲ့  ကြိုးစားတဲ့လူကို အားရော့အောင် မတိုက်တွန်းပါနဲ့ တော်”ဟု ဖြေပြန်လေ၏။
ပိုးသားပုဆိုး ဝယ်ရန်မှာလည်း အကြပ်အတည်း တွေ.နေပြန်လေ၏။ “ဦးကျောက်လုံးရယ်၊ အသက်အရွယ် ဒီလောက်ကြီးမှဖြင့် ပိုးသားပုဆိုးတွေ ဝယ်နေဘို့  မလိုပါဘူး။ ပိုးသားပုဆိုး ဝတ်လို့  မျောက်ဖိုးစိန် မင်းသားအင်္ဂျာီဝတ်တာလို ရှိမှာပေါ့”
“အော် မယ်စိမ်းကလဲ တယ်အသေးတာဘဲ။ လူနဲ့  သူနဲ့ ပေါင်းတော့ အမွှေးပြောင်ပြောင်နဲ့  ခပ်ထောင်ထောင် နေနိုင်မှ ဂုဏ်ရှိသာဟ။ လူမှာ အဝတ်၊ တောင်းမှာ အကွပ်တဲ့ဟ။ ဟဲ့ ငါဂုဏ်ရှိတယ်ဆိုရင် ညည်းလဲ ကျက်သရေတိုးဘို့ ပါ။ သို့ မို့  ပြောရတာ”ဟု ပြောသော်လည်း
“အကျွန်တို့ တော့ ဂုဏ်မလိုချင်ပေါင်တော်။ အစက ဂုဏ်လိုချင် တခြားမိန်းမ မရှာဘဲကိုး။ အကျွန်တော့် တော့်ပုဆိုးဝယ်ဘို့ ဆိုရင် တပြားမှ ငွေမထုတ်နိုင်ဘူး”ဟု ခပ်ကျယ်ကျယ် ပြောပြန်လေသဖြင့် ယခုထက်တိုင် ဖင်အင်္ဂျာီ၊ ပင်နီတိုက်ပုံ ဖျက်လက်နံ၊ တခါတရံ မဲပြာပုဆိုး၊ တခါတရံ ဖျင်တွင် ပိုးဖောက်ထားသော လုံချည်၊ တခါတရံ ခိုးသန်း ယောလုံချည်ဖြင့်သာ တင်းတိမ်၍ မျက်နှာသုတ်ပုဝါ ခေါင်းပေါင်းဖြင့်သာ နေခဲ့ရလေသည်။
စားရာ သောက်ရာ၌လည်း၊ ခရမ်းသီးခြောက်၊ ငရုတ်သီးချက်၊ မန်ကျည်းရွက်ချဉ်ရေ၊ ဆပ်သားခြောက်ဖုတ် စသော ဟင်းများ၊ ဗူးရွက်၊ ကုလားပဲရွက်၊ ချဉ်ပေါင်ရွက်၊ သဗျက်ရွက်၊ သနပ်ရွက်၊ ခွေးတောက်ရွက်၊ နွားလျှာကြီးရွက်၊ ဘုံလုံခါးသီး၊ ကြက်ဟင်းခါးသီး၊ ကင်းပုံသီး ဆိပြန်ချက် အခြေအနေမှ တိုးတက်ရေးမရှိခဲ့ သေးချေ။ ပဲကြားကို အဆံချွတ်၍ ချက်၊ ရေစိမ်ပွလုပ်၍ ကြော်၊ ပြုတ်၍ကြော်၊ ပြည်ပန်းညိုရွက်နှင့် ဟင်းချိုချက်၊ ပဲကြီးဆီပြန်ချက် စသည်ဖြင့် ပဲအမျိုးမျိုးကို နည်းအမျိုးမျိုးဖြင့် ချက်၍ စားနေရလေ၏။ တခါတရံ လျှာစောင့်နတ် တန်ခိုးထပါမှ ၀က်သားနှင့် ဆီးဖြူသီးခြောက်၊ အမဲအူချက်၊ မြင်းသားချက်ကလေးများ စားရ၏။ နေ့ ခင်း ဆာလောင်လာက အမှင်းကြမ်း၊ ငရုတ်သီးထောင်း၊ ပဲလှော်လောက်သာ စားရ၏။ တခါတရံမှသာ မရွေး၊ ပေါက်ပေါက်၊ မုံ့ လေပွေ၊ ထန်းလျက်များ စားရလေသည်။
“ဟီး၊ လူချမ်းသာဖြစ်ရတာ ဘာမှမကောင်းပါဘဲလားနော်၊ အလုပ်သိပ်လုပ်ရပြီး၊ အငတ်ငတ် အပြတ်ပြတ် နေရပါကလား၊ အကောင်မကြီးကလဲဗျာ၊ နှမြောရန်ကော။ သူ့ ပိုက်ဆံ ကလေးများထိရင် ညောင်ညိ ညောင်ညိနဲ့  ဆူနေတာဘဲ”ဟု တွေး၍ လက်မှိုင်ချပြီးလျှင် ဟီးဟီးဟီးနှင့် နေရလေ၏။
တခါကလည်း မိမိတူ မောင်ကံထိုက်သည် ချစ်တီး ကြွေးတင်၍ အိမ်ကို လေလံပစ်၊ လှည်းတွေ ရောင်း၊ နွားတွေ ရောင်းနှင့်ရှိသည်တွင်၊ ကူညီထောက်ပံ့ လို၍ အရီးစိမ်းထံမှ ငွေတရာလောက် ပေးပါဟု တောင်းသည်တွင် အရီးစိမ်းက
“မယ်စိမ်းရယ်၊ ငါတခု ပြောစမ်းပမဟယ်”
“ပြောလေ ပြောပါ။ တောင်းပန် နေရသေးသလား၊ သဲရန်ကော”
“ဒါဖြင့် ငါပြောစမ်းမဟယ်”
“ပြောမှာ ပြောပါတော်။ ငွေရေးကကလွဲပြီး ဘာဘဲဖြစ်ဖြစ် ပြောတာပေါ့”ဟု ဆိုပြန်သဖြင့်၊ ‘ပုစွန်ဆိတ်ဆိတ်၊ မောင်ရင်လာ တံခါးပိတ်၊ ဂျိတ်’ခနဲ ပြောမည့် စကားများ ပိတ်သွားလေ၏။
သို့ ဖြင့် ပစ္စည်းရှိသော မယားမှ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းကို ရှာဖွေသော ဦးကျောက်လုံးသည် မိုးကုပ် စက်ဝိုင်းကိုသွားသောသူကဲ့သို့  နီးမလိုလိုနှင့် ဝေးခဲ့ရလေသည်။
၎
ကံထိုက်သည် ဆေးစပ်ကြမ်းကို ဆေးတံတိုထဲသို့  ထည့်ပြီးနောက် မီးခဲတင်၍ ညှိလေ၏။ ၎င်း၏ရှေ.၌ မီးဖိုသည် မီးတောက်မီးလျှံ မရှိတော့ဘဲ မီးကျီးဖြင့်သာ ရဲရဲထိန်နေလေ၏။ ၎င်းသည် ခြေနှစ်ချောင်းကို ကားလျက် ထန်း ဘလက်ခုံကလေးပေါ်တွင် ဖင်ချ၍ ထိုင်နေလေ၏။ ဆေးတံကို ပြင်းစွာရှိုက်၍ရှု၍ ရှုလေ၏။
ထို့ နောက် နေရာမှထခဲ့၍ နောက်လိုက်လေးယောက်ကို ခေါ်ပြီးလျှင် အရီးစိမ်းတို့  အိမ်သို့  လာခဲ့ကြလေ၏။
ဦးကျောက်လုံးသည် ဒိန်းဒိန်းနှင့် တံခါးဖွင့်သံကို ကြားသလိုလို ရှိသောကြောင့် ခေါင်းထောင်၍ နားထောင်လေ၏။ ထပ်ကြားရပြန်လေ၏။ အနီး၌ အရီးစိမ်းကား တခေါခေါ ဟောက်လျက် အိပ်မောကျနေလေ၏။ ထိုအခိုက် ဒိန်းဒိန်း အသံသည် ရပ်၍ ဒိုင်းကနဲ အသံကြီးပေါ်လာပြီးလျှင် လှေကားတံခါး ပွင့်လာသည်ကို တွေ.ရလေ၏။ ဦးကျောက်လုံးသည် တကိုယ်လုံး တုန်လှုပ်သွားလေ၏။ ပျာပျာသလဲ အိပ်ရာမှ ထလေ၏။ လှမ်းကြည့်သောအခါ လူလိုလို အရာများ တက်လာကြသည်ကို တွေ.ရလေ၏။ မျက်စိများမှာ ဇမှုန်ဇ၀ါ ဖြစ်နေလေ၏။ အသဲနှလုံးများလည်း ကင်းကိုက်ခံရသော ဖားပြုပ် ကဲ့သို့  တစပ်စပ် ခုန်နေလေ၏။ ရုတ်တရက် သတိရပြီးလျှင် အရီးစိမ်းအား လက်နှင့် လှုပ်၍
“ဟ မိန်းမ။ ထ ထပါအုံးဟ”ဟု အော်ငေါက်နှိုးလေ၏။
“အင့် အင်း ဝူးဝါး”ဟု သမ်းပြီးလျှင်၊ အရီးစိမ်းသည် အိပ်ရာပေါ်တွင် လွန့် ကာ အပျင်းကြောဆွဲနေလေ၏။
“ဟ မိန်းမ။ ထပါဟ”
“တော်၊ ဘာများတုန်း ဦးကျောက်လုံးရဲ.”
“မိန်းမ မိန်းမ၊ လှံပေးစမ်းပါဟ၊ ဒမြတွေ အိမ်ပေါ် ရောက်နေပြီ”ဟု အဆောတလျင်ပြောလေလျှင် အရီးစိမ်းက
“သြော် သြော်။ အင်း”ဟု ပြန်ဖြေလိုက်လေ၏။
“ဟာ မိန်းမရ၊ လှံထယူပါ။ သူခိုးထိုးမယ်”ဟု ပြောသည်တွင်မှ၊ အိပ်ရာမှ။ အမယ်လေး တော့်”ဟု အော်ကာ ထပြီး ထမီလက်နှင့်ဆွဲကာ လှံထယူလေ၏။
ထိုအခိုက်တွင်  ကံထိုက်တို့ လူစုသည် “မအော်နဲ့ ၊ အော်ရင်ဓားနဲ့ သတ်မယ်” ဟု ကြိမ်းမောင်း ပြီးလျှင်
ဝင်းလက်သော ငှက်ကြီးတောင်ဓားများကို ပြကြလေ၏။
သာဝနှင့် ဖိုးမန်းသည် သီးကျောက်လုံးအား အတင်း သိမ်းဖက်၍ ကြိုးများနှင့် တုပ်လိုက်လေ၏။ တောက်ထွန်းနှင့် မောင်ဖဲတို့ သည် အရီးစိမ်းအား ဓားနှင့်မိုးထားလေ၏။ ကံထိုက်သည် အနီးသို့ လာ၍ ဓားနှင့်
ရွယ်ပြီးလျှင်
“မအော်နဲ့ ။ အော်ရင် လည်ပင်းလှီးလိုက်မယ်။ ကျုပ်တို့ ငွေလိုချင်လို့ လာတယ်။ ငွေငါးထောင် ပေးရမယ်”
“ငွေမရှိပါဘူးမောင်ရင် တို့ ရယ်။  အသက်ချမ်းသာပေးပါကွယ်”
“ဘယ်မရှိဘူးလဲ။ ပေးရမယ်။ မပေးရင် လည်လှီးပစ်မယ်။ အကန်းမကြီး ကျုပ်တို့ သိတယ်။ ခင်ဗျား
အင်မတန် ပစ္စည်းရှိတယ်”
“ခု ဘုရားစူးရပါစေရဲ့။ ပစ္စည်းမရှိပါဘူးကွယ်”
“ဘာ ကွယ်နေတာလဲ”ဟု ပြောပြီးနောက် စုတ်ချွန်သောဓားဖြင့် တင်ပါးခွက်ကို ဇွတ်ခနဲ ထိုးလိုက်လေ၏။
“အမယ်လေးတော့ သေပါပြီ”
“ပေးမှာလား မပေးဘူးလား။ ပြော ပြော”
မောင်ရင်ရယ် တပြားမှမရှိပါဘူးကွယ်”
“လုပ်ပြန်ပြီ။ ကဲဗျာ မရှိ ပြောအုံး”
အခြားတင်ပးခွက်ကို ဓားဖြင့် တွတ်ပြန်လေ၏။
“အမယ်လေးလေးတော့၊ သေပါပြီတော့။ နှိပ်စက်ရန်ကော။ မရှိဘူးဆိုတာဘဲ”ဟု ပြောကာငိုလေ၏။
“နင် သူများပစ္စည်းတွေ ယူပြီး ဘယ်ထားသလဲ။ ပေးဟ၊ ပေး”ဟု ငေါက်ပြီး ဓားပြားနှင့် ကျောကို တဖြန်းဖြန်း ရိုက်လေ၏။
“ကဲဗျာ၊ မပေးနဲ့အုံးဗျာ”ဟု ဆိုကာ ဒူးနှင့် ကျောကို ဆောင့်လိုက်လေရာ ရှေ့ကော့်ပြီး လဲကျသွားလေ၏။
“အမယ်လေး နာလှချည်ရဲ့တော့။ လုပ်မှ လုပ်ရက်ပလေ မောင်တို့ရယ်”
“ခင်ဗျား အသက်ကို အဆုံးခံ့မလား။ ငွေငါးထောင်ကို အဆုံးခံမလား။ ငွေမရရင် ခင်ဗျားကို သတ်ရလိမ့်မယ်။ ကဲပြော”
“ဘုရားကို စူးပါရစေရဲ့ မောင်ရင်ရယ်။ ငွေမရှိပါဘူး။ မပေးနိုင်ပါဘူးကွယ်။ သတ်ပစ်ရင်လဲ သေရုံ ရှိမှာပါကွယ်။ သနားပါကွယ်”ဟု ခိုမက ခိုထီးကို ချွဲသကဲ့သို့ ချွဲလေရာ
ကံထိုက်တွင် သနားစိတ် မပေါက်လှာဘဲ မုန်းစိတ်တွေမှာ တဖွားဖွား ပေါ်လာရကား ဓားရိုးဖြင့် နဖူးကို ခွပ်ကနဲ ဆောင့်လိုက်လေ။ အရီးစိမ်းသည် မေ့သွားမလောက် နာကျင်လေ၏။
“ကဲ၊ ဒင်းသလောက်ရှိလှတာ သေပစေတော့။ နှစ်ယောက်လုံး သတ်ပစ်မယ်။ ကျောက်လုံးကိုဖမ်းခဲ့။ ငွေငါးထောင်ပေးမှလွှတ်။ မပေးရင် သတ်ပစ်။ ဟဲ့ အကောင်ပုပ်မကြီး။ နင့်လင်သတ်ပစ်တာ ခံမလား။ ငွေပေးမလား”ဟု ပြောသည်တွင် အရီးစိမ်းက
“ဦးကျောက်လုံးကို ဘာဘဲလုပ်လုပ် ခံရုံပါဘဲ။ ငွေတော့ မရှိဘူး”ဟု ဆိုကာ ငိုလေ၏။
‘သြော် ငါ့လင်နှင့် ငါ့ငွေ ဘယ်ဟာ အဖိုးတန်သလဲ။ လောကမှာ လင်ရှိလို့ ငွေရနိုင်တာ မဟုတ်ဖူး။ ငွေရှိရင် လင်လိုချင်သလောက် ရနိုင်တာဘဲ။ လင်ဆိုတာ ဘာမှ မက်စရာရှိတာ မဟုတ်ဖူး။ သူတို့ရှိတဲ့အတွက် ဒုက္ခတောင် ပိုများသေးတာဘဲ။ လင်မရှိလို့ ငါသေမှာလဲ မဟုတ်ဖူး။ လင်တယောက်အတွက်နဲ့ ငွေငါးထောင် ပေးလိုက်ရမယ်ဆိုရင် မိုက်ရာ ကျတော့မယ်။ လင်တယောက် ငွေငါးထောင် တန်ရာ ကျလိမ့်မယ်။ ငါးထောင်ဆိုတဲ့ ငွေဟာ နဲတာမဟုတ်ဖူး။ ငါ့မှာ မစားရက် မသောက်ရက် စုလာတာ။ တသက်လုံး မွေးခဲ့တဲ့ကြက် တမနက်နဲ့သတ်စား ဆိုတာလို ဖြစ်မှာပေါ့။ တသက်လုံး စုတဲ့ပစ္စည်း လင်တယောက်ထဲနဲ့ဖြင့် မကုန်ပါစေနဲ့။ ငါ့လင်နဲ့ ငါ့ငွေ၊ ငါ့ငွေက အဖိုးတန်တယ်။ ဦးကျောက်လုံးကို သတ်ရုံမကလို့ မီးဖုတ်ပြီး စား စား’ဟု တွေးတောကာ ဆိုပြီး စကားကို ပြန်မရုပ်သိမ်းဘဲ နေလေ၏။
ဦးကျောက်လုံးသည် မယား၏စိမ်းကားပုံကို ကြားသဖြင့် စိတ်နာကျည်းလှ၏။ လွန်စွာ ရှက်လှ၏။ ‘သြော် မယ်စိမ်း၊ မယ်စိမ်း။ လူစင်စစ် ဟုတ်သေးရဲ့လား ဟဲ့။ ငွေမက်မကြီးရဲ့။ ငါ့ကျတော့ သေစေ။ ဒင်းငွေတော့ မကုန်စေနဲ့တဲ့။ ကောင်းကြပါတယ်ကွယ်။ လောကမှာ လင်ရယ်မယားရယ်လို့ ဒီလောက်ကြာကြာ ပေါင်းလာပြီးမှ လင့်အပေါ်မှာ ဂရုဏာမရှိ၊ မေတ္တာမရှိ၊ ထောက်ထားခြင်းမရှိ၊ မင်းမို့လို့ နေနိုင်တယ်ကွယ်။ ငွေတွေသာ မင့်းလင်ကြီးတွေကိုးကွယ့်’ဟု စိတ်ထဲ၌ ကျိတ်၍ ရန်ထောင်ရင်းသာ ငုံ့၍ နေရှာလေ၏။ အကယ်၍ ကြိုးသာ တုပ်မထားပါက အရီးစိမ်းအား သေအောင်သတ်ပေလိမ့်မည်။ အရီးစိမ်းအား လွန်စွာ စက်ဆုပ်၏။ ရွံရှာ၏။ အစိမ်းလိုက်ပါ စားလိုတော့၏။
ကံထိုက်သည် တအိမ်လုံး မွှေနှောက်၍ ရှာသော်လည်း ရွှေဖဲလိမ်နားဋောင်းကြီး တရံ၊ မြင်းစီးလှံထိုး ရွှေဒင်္ဂါး သုံးပြား၊ ဗူးနွယ် ကြိုးလိမ်လက်ကောက် ၂ဆင့်သာ ရလေ၏။
“ဟဲ့ လူတကာမကြီး။ နင့်ပစ္စည်းတွေ ဘယ်ထားသလဲ”ဟု မေးလေရာ ဦးကျောက်လုံးက “သူ့ငွေတွေကို ကျောက်မြေတောမှာ မြှပ်ထားတာဘဲကွယ့်။ ဘယ်နေရာမှန်းတော့ ကျုပ်လဲ မသိဘူး။ သူ့ကို ကျောက်မြေတော အတင်းခေါ်သွား။ မရရအောင် အဖော်ခိုင်း။ ဒီလောက်ရက်စက်တဲ့မိန်းမ ရိုက်သာ စစ်ကြ။ တွေ့မှာဘဲ”ဟု နည်းပေးသဖြင့် တုပ်နှောင် ဆွဲသွားကြလေ၏။ ဦးကျောက်လုံးအား လုံချည်တထည်ဖြင့် မျက်နှာကို စည်းလေ၏ နောက်ကံထိုက်က
“ဟေ့ သာဝ။ မင်းသူ့ကို ခေါ်သွား။ လေးမြသွားတဲ့လမ်းက ဟို လက်ပံပင်ကြီး သိတယ်ဟုတ်လား။ အဲသည်က စောင့်နေကြ။ ဖိုးမန်းလဲ လိုက်သွား။ ငါတို့ လိုက်ခဲ့မယ်။ ရော့ ဒီပစ္စည်းတွေလဲ ယူထား”ဟု လွှတ်လိုက်လေ၏။
မိမိ၊ တောက်တွန်းနှင့် မောင်ဖဲတို့မှာမူ အရီးစိမ်းအား ရိုက်နှက် ခေါ်ငင်ကာ ကျောက်မြေတောသို့ ရောက်ခဲ့ကြလေ၏။
“ဟဲ့ အကန်းမကြီး။ ဘယ်နေရာမှာ မြုပ်ထားသလဲ ပြ။ ဖော်ပေး”
“မသိပါဘူး မောင်တို့ရယ်။ အကျွန် မမျြုပ်ရပါဘူး”
“ကြည့်စမ်း၊ ကြည့်စမ်း။ ကွယ်ပြန်ပြီ။ ပြော”ဟု ဆိုကာ ဓားနှင့် လက်မောင်းကို အနည်းငယ် လှီးလိုက်လေ၏။
“အမယ်လေး တော့။ နာလှပါပြီ တော့။ ပြောပါ့မယ် တော့”
“ကဲ ပြော ပြော။ ဘယ်မှာလဲ”
“ဟို ရှားပင်နားမှာပါတော်။ ရှာပင် မြောက်ဖက်က ထန်းပင်နားမှာတော့”
“လာ လာ၊ သွားတူးကြမယ်”ဟု ဆိုကာ သွားကြ၍ ကြာရှည်စွာ တူးကြသော်လည်း ဘာမျှမရသည့်အတွက်
“တောက် ခွေးမကြီး။ နင်ညာတာ။ အမှန်ပြော။ ဘယ်နားမှာလဲ ဟင်။ ကဲညာအုံးဗျာ”ဟု ဆိုကာ လက်ကို ဓားဖြင့် မွှန်းပြန်လေ၏။
“အကျွန့် သတ်ချင်သတ်။ မပြောဘူး”ဟု တင်းမာစွာ ပြောသဖြင့် ကဲထိုက်ဒေါသကို မချုပ်တည်းနိုင်ဘဲ ဓားဖြင့် လည်ပင်းကို ချိုင်လိုက်ရာ အရီးးစိမ်းသည် ပုံလျက်သား လဲသွားလေ၏။
“ဒင်းတို့ သေချင်းဆိုးနဲ့ သေပါစေတော်။ ကျွန်မျိုးတွေ။ သဘောက်မျိုးတွေ။ ဘဝဆက်တိုင်း အမွဲချည်း ဖြစ်ပါစေတော်” ဟု ကျိန်ဆဲရင်း ဇီဝိန်ချုပ်လေတော့၏။
ကံထိုက်၊ တောက်ထွန်းနှင့် မောင်ဖဲတို့သည် စိတ်ပျက်သော အမူအရာနှင့် ပြန်ခဲ့ကြလေတည်း။
၅
အရှေ့ ကောင်းကင်ပြင်သည် အပျိုကလေး၏ ပါးအို့ကလေးကဲ့သို့ နီပြေပြေ အဆင်းရှိလေသည်။ တိမ်တောင် တိမ်တိုက်တို့မှာ ရွှေတောင် ငွေတောင်များနှင့် သဏ္ဌန်တူလေသည်။ ဝါဝင်းသော အတန့်တန့်နှင့် ရောင်ခြည်များသည် ကောင်းကင်ပြင်အလုံးကို ဒါလီကုံးဖြင့် တန်ဆာဆင်သကဲ့သို့ ရှိလေသည်။
ကံထိုက်တို့ ဒမြသင်းသည် ဦးကျောက်လုံးအား ခေါ်ဆောင်လာခဲ့ကြရာ တောင်ခြေရင်းကိုပင် ရောက်ခဲ့လေပြီ။ ကျောက်တုံးကြီးများသည် ဆီးနှင်းများစွာ စွတ်နေသဖြင့် စို၍နေလေပြီ။ သစ်ပင်များသည် ညိုမှောင်၍နေလေပြီ။ တောင်ခိုးများသည် ထွက်စပြုလေပြီ။ ကံထိုက်တို့သည် ခပ်သုတ်သုတ် တောင်ပေါ်သို့ တက်ရသဖြင့် အေးမြသော ဆောင်းရာသီပင် ဖြစ်လင့်ကစား ချွေးများ စို့လာလေသည်။ မကြာမြင့်မီ တောင်ကုန်း အထက်ပိုင်း ညီညာပြန့်ပြူးသော နေရာတခုသို့ ရောက်ခဲ့ကြလေသည်။ ထိုနေရာတွင် တောလည်း အလွန် ထူထပ်လေသည်။
နီရဲသော နေဝန်းကြီးသည် တိမ်တောင်တိမ်တိုက်တို့ အကြားမှ ဘွားကနဲ ပေါ်လာလေသည်။ တောင်ကုန်းမှ အခိုးများသည် ပိုမိုထူထပ်လာလေသည်။ စိမ်းစိုသော သစ်ပင်များ အထက်ပိုင်းသည် ရွှေရည်ဖျန်းထားသကဲ့သို့ ရှိလေသည်။ တောကြက်များ တွန်သံကို ကြားရလေသည်။ ဂျိုး ကူသံလည်း ပေါ်လာလေသည်။ ဘုတ်အော်သံသည် သာယာသော နံနက်ခင်းကို ပိုမို၍ သာယာစေလေသည်။ မြောက်လေပြေလည်း ဖြည်းညင်းစွာ တိုက်ခတ်လေသည်။
ကံထိုက်သည် ဦးကျောက်လုံးအား တောင်ကမ်းပါး တခုပေါ်သို့ ခေါ်လာလေသည်။ ဦးကျောက်လုံးမျက်နှာကို စည်းထားသောအဝတ်ကို ဖြုတ်လိုက်လေ၏။ ဦးကျောက်လုံးသည် ကြောက်ဒူးတုန်နေလေ၏။ ကံထိုက်သည် မိမိအငှားတပ်ထားသော နှုတ်ခမ်းမွှေးကို ဖြုတ်လိုက်သည်။ ရှမ်းခေါင်းပေါင်းကြီးကို ချွတ်လိုက်လေသည်။ ဦးကျောက်လုံးသည် မော့်ကြည့်လိုက်ပြီး “ဟိုက်”ဟု အံသြ တွေဝေကာ ငေးကြည့်နေလေ၏။
“ငါ့တူရယ်၊ လုပ်မှ လုပ်ရက်ပလေကွယ်”
“ဟာ သူများဖြင့် ကျုပ်မလုပ်ပါဘူး ဦးလေးရဲ့။ ခင်ဗျာ့း မိန်းမကြီး အမြင်ကတ်လွန်းလို့ လုပ်တာ။ ကျုပ်မွဲတာ ဒင်းကြောင့်ဘဲလို့ ကျုပ်တော့ အယူရှိတာဘဲ။ ကျုပ်ဖြင့် ထမင်းငတ်တော့မယ်။ ကူဘော်လောင်ဘက် ဘာမှမရဘူး။ သူဒီလို ပစ္စည်းရှိလာအောင် ကျုပ်တို့ ဘယ်လိုကူပေးရတယ်ဆိုတာ ခင်ဗျား မသိဘူး။ မပြောချင်ဘူးဗျာ၊ ဒီခွေးမကြီးတော့”
“နို့ အခု မယ်စိမ်းကို ဘယ်မှာထားခဲ့သလဲကွယ့်။ သူက ပစ္စည်းတွေ ဖော်မပေးဘူးလား”
“ဖော်မပေးတဲ့ပြင် ညာနေသေးတယ်။ ဒါကြောင့် အဆုံးစီရင် ထားခဲ့ပြီဗျား”
“ဟင်၊ လွန်လှချေကလားကွယ်”
“ခင်ဗျားက သနားသေးသလား”
“မယားဆိုပြီး သနားတာမဟုတ်ပါဘူးကွယ်။ လူသတ္တဝါတယောက် သေဆုံးတယ်ဆိုတာ ကြားရလို့ သနားတာပါ”
“ခင်ဗျားကြီး မရှက်ဖူးလား။ ကြီးတောင်းကြီးမ မိန်းမရှာ။ ဘုရားတရားမေ့ပြီး ဒီကောင်မကြီးနဲ့ အလေလိုက်နေ။ ခင်ဗျား ဘာကောင်းတာရှိသလဲ။ မယားက ချစ်စရာကောင်းရင်လဲ ဟုတ်ပါစေအုံးတော့။ ခုတော့ ဘာတကွက်မှ ခင်ဗျာ့းအပေါ် ကောင်းတာမရှိဘူး။ သူ့တွက်ကိန်းက ငါ့လင်ထက် ငါ့ငွေကသာ အဖိုးတန်တယ်လို့ သဘောထားတာကလား။ ခင်ဗျားလဲ ပစ္စည်းပေါရတယ်ဆိုပြီး လူချင်းတူအောင်ဘဲ မနေရဘူး။ ရှက်ပါ့ဗျာ”
“အေးကွယ်၊ ဦးလေး သိပ်မှားတာဘဲ။ ခုတော့ နောင်တရပါပြီကွယ်။ ဒင်းကိုလဲ တွယ်တာတဲ့စိတ် တရွေးသားမှ မရှိပါဘူး။ လူ့ပြည်မှာ ကြွားကြွားဝါဝါနဲ့ လူမလုပ်ချင်ပါဘူးကွယ်။ ဂုဏ်လဲ မလိုချင်တော့ဘူး။ အသက်အရွယ်ကြီးတော့ ပုတီးနဲ့တော် ဆိုတာလို ပုတီးစိပ်ပြီး သူတော်ကောင်း လုပ်နေတော့မယ်ကွယ်။ ဒီတောမှာဘဲ ဖုန်းကြီး လုပ်တော့မယ်။ ဟောဒီတောင်ပေါ်မှာ တောရကျောင်းတကျောင်းရှိတယ်ကွယ့်၊ အဲဒီမှာ သင်္ကန်းဝတ်ပြီး အရိုးထုတ်တော့မယ်။ ဦးလေးမှားတာတွေ ငါ့တူအပြစ်ရှာမနေနဲ့၊ ကြားလား။ ငါ့တူလဲ ဒီအလုပ်ကို လုပ်တာ ဘယ်သူမှ မသိရအောင် ဘယ်သူ့မှ ငါမပြောဘူး။ တကယ်လို့ ပုလိပ်တွေ သိကုန်မှဖြင့် ငါ့တူ ထောင်ကျနေအုံးမယ်။ မင်းတို့လဲ ပိပိစီးစီးနေကြ။ မင်းတို့ မနေ့ညက ဘယ်လောက်ရသလဲ”
“ငွေ နှစ်ရာလောက်ပါ ဦးလေးရယ်”
“အိမ်ကို ပြန်ကြ။ ဒို့အိမ် စပါးကျီ ခေါင်မိုးမှာ ငါ ဝါးကျည်ထောက်တခု ထိုးထားတယ်။ အဲဒီထဲမှာ ငွေငါးရာရှိတယ်ကွယ့်။ တနေ့ကဘဲ ဆီရောင်းရတဲ့ငွေ။ မယ်စိမ်းကို ငါမအပ်သေးဘဲ သိမ်းထားတာ။ ပြီးတော့ အိမ်အောက်မှာ ပဲထဲ့တဲ့ ပုတ်ကြီးရှိတယ်။ ဒီပုတ်အောက်မှာ အိုးကလေးတလုံးနဲ့ ငါဖွက်ထားတဲ့ ငွေငါးရာ ရှိတယ်။ ဒါတွေယူပြီး မင်းတို့ ငါးယောက် ညီညီမျှမျှ ဝေကြ။ ကောင်းကောင်းနေကြလေ။ နောက်ထပ်လဲ ဒီအလုပ် မလုပ်ကြနဲ့နော်။ ရင်းနှီးစားကြကွယ်”ဟု ပြောသဖြင့် အိမ်သို့ ပြန်ကြလေ၏။
ဦးကျောက်လုံးမှာမူ မိမိစကားအတိုင်း ဖုန်းကြီးဝတ်၍ နေလေသတည်း။
No comments:
Post a Comment