လေးလုံးစပ်(လင်္ကာ)ရေးနည်း ၆ မျိုး
=======================
၁။သတ်စေ့နှက်-သုံးချက်ညီ
၂။ထိပ်ချင်းထပ်
၃။ဦးတိုက်
၎။ထိပ်ချင်းချွတ်
၅။ဘီလူးရယ်
၆။ချိန်ခွင်လျာ
______________________________
၁။သက်စေ့နှက်သုံးချက်ညီ (၄ ၃ ၂)စပ်နည်း
မြစ် ရေ ဝန်း (လည်) _ _ _ ©
မြိုင် တော (စည်) က _ _ © _
ရွှေ (ပြည်) ကို သာ _ © _ _
________________________________
၂။ထိပ်ချင်းထပ်( ၄ ၃ ၁ )စပ်နည်း
ပင် လယ် ခြား (ရာ) _ _ _ ©
ခ ရီး (ကွာ) သို့ _ _ © _
(မှာ) လည်း မ ကြား © _ _ _
________________________________
၃။ဦးတိုက်စပ်နည်း ( ၄ ၁ )စပ်နည်း
မှာ လည်း မ (ကြား) _ _ _ ©
(သွား) လည်း မ [သင့်] © _ _ ®
[ချင့် ] ချိန် မ {တွေး} ® _ _ ¥
________________________________
၎။ထိပ်ချင်းချွတ်( ၄ ၂ )စပ်နည်း
သည် သို့ စေ (တီ) _ _ _ ©
သည် (ဆီ) ရွှေ {နန်း} _ © _ ®
ကြ {ငှန်း} စံ [ပျော်] _ ® _ ¢
________________________________
၅။ဘီလူးရယ်စပ်နည်း(၄)မျိုး
မည် သာ တွင် [ညီ] _ _ _ ©
ဘ ရ [ ဏီ] (က) _ _ © ¥
(စ) ၍ နှိုင်း ချိန် ¥ _ _ _
အ ညောင်း ခံ ( ငြား) _ _ _ ©
ခ ရီး (သွား) [လျှင်] _ _ © ¥
သစ် [ပင်] ထက် ဝှန် _ ¥ _ _
ကိုယ် နှင့် တော် [စွာ] _ _ _ ©
မယ် ဥ [ မ္မာ] (၌) _ _ © ¥
မယ် နှင့် (လိုက်) အောင် _ _ ¥ _
ရေ ပြွန် လျှမ်း (လျှမ်း) _ _ _ ©
ရေ (ချမ်း) [စဉ်] လျက် _ © ¥ _
ဘော [ဇဉ်] မွှေး ကြူ _ ¥ _ _
ဒီစပ်နည်းကသိထားရုံပြခြင်းဖြစ်သည်။
စပ်ဆိုထားလျှင်ဖတ်မကောင်းပါ။
________________________________
၆။ချိန်ခွင်လျာစပ်နည်း
လျှောက် မည် စုံ {အင်} _ _ _ ©
စစ် ပင် [ကိုင်း] ကြောင့် _ _ + _
စစ် [ကိုင်း] {တွင်} မည် _ + © _
ထိုပုံစံလည်းရွတ်ဆို၍မကောင်းပါ။သိထားရုံပြခြင်းဖြစ်သည်။
အောင်ဌေး(ဥက္ကလာ)
_________________________________
'ရတုရေးနည်း'
**********
လေးလုံးစပ်(လင်္ကာ)ရေးနည်းနားလည်ကျေညက်ပါက-ရတုစပ်ဆိုရန်မခက်ခဲပါ။
အချီ/အချ အနည်းငယ်ကွဲပြားသည်။
အချကိုအနည်းဆုံးခုနှစ်လုံးဖြင့်ချရမည်။
၁။တစ်ပိုဒ်ထဲရေးသားသောရတုကို-'ဧကပိုဒ်ရတု'ဟုခေါ်သည်။
၂။နှစ်ပိုဒ်ဖွဲ့၍-(အချီစာကြောင်းနှစ်ခုကိုဖြစ်စေ/အချစာကြောင်းနှစ်ခုကိုဖြစ်စေ/အချီ-အချ နှစ်မျိုးလုံးကိုဖြစ်စေ)ကာရန်အားလုံးတူ{နဘေထပ်}ယူ၍ရေးထားသောရတုကို-'အဖြည့်ခံရတု'ဟုခေါ်သည်
၃။သုံးပိုဒ်ဖွဲ့၍(အချီစာကြောင်းသုံးခုကိုဖြစ်စေ/အချစာကြောင်းသုံးခုကိုဖြစ်စေ/အချီ-အချနှစ်မျိုးလုံးကိုဖြစ်စေ)သုံးပိုဒ်စလုံးတွင်ကာရန်အားလုံးတူ{နဘေထပ်}ယူ၍ရေးထားသောရတုကို'ပိုဒ်စုံရတု'ဟုခေါ်သည်။
ဧကပိုဒ်ရတုတွင်
***********
၁။သာမည
၂။သက်စေ့နှက်-သုံးချက်ညီ
၃။စကြာလည်
၎။တောင့်တဲ့တွန် ဟူ၍လေးမျိုးရှိသည်။
အဖြည့်ခံရတုနှင့် ပိုဒ်စုံရတုတွင်
*********************
၁။သာမည
၂။သက်စေ့နှက်-သုံးချက်ညီ
၃။စကြာလည်
၎။တောင့်တဲ့တွန်
၅။ကိုယ်ထွင်းပြည့် ဟူ၍ငါးမျိုးရှိသည်။
_______________________________
၁။ သာမည
******
သာမညဆိုသည်မှာလင်္ကာစပ်နည်းခြောက်ပါးအနက်မှ(၄- ၃ -၂)ချည်းမဟုတ်ဘဲအခြားစပ်နည်းများရောနှော၍စပ်ဆိုထားသောရတုကိုခေါ်သည်။
ဥပမာ။ ။သာမညဧကပိုဒ်ရတု
အဆိုင်(ဆိုင်)လျှင်၊တော(မြိုင်)လည်{လှည့်}၊
ကမ်းလုံး{ပြည့်}မျှ၊ရှု{ကြည့်}လေ[ရာ]
၊ကြောက်ဖွယ်[သာ]တည့်၊ပြာ[ပြာ]လွ(လွ)၊
မှိုင်း(ပြ)မှောင်{မှောင်}၊တောနှင့်{တောင်}လည်း
၊တိမ်{တောင်}မိုး[ရှိ]၊ထွေးရှက်[ငြိ]မျှ၊
လွမ်း[မိ]စ(ဘွယ်)၊ကောင်းကင်(လယ်)၌၊
တောင်(လယ်)တောင်{ထိပ်}၊မိုးညို{ရိပ်}နှင့်၊
တိမ်{လိပ်}ဆော်[ညွန်း]၊စ၍[ထွန်း]သည်…
နေ[ဝန်း]ပေါ်လွယ် ချင်ဘိသည်။
[လက်ဝဲသုန္ဒရ]
ဥပမာ(၂)။ ။သာမညအဖြည့်ခံရတု
''မယ့်ဆီတူရူ သည်မိုးဖြူ ''
ညို့ညို့ပြာ(ပြာ) ဆင်းပြင်(လျာ)မူ
ပြစ်(မှာ)မ{သက်} ဆယ်နှစ်{သက်}က
ချော{ညက်}ညွှတ်[သွယ်] နတ်နှင့်[ဆွယ်]၍
[ရွယ်]လည်းရွယ်(ပျို ) (ညို)လည်းညို{ဝင်း}
ဖြူ {ရှင်း}ရော[ရု] နောင့်သက်[စု]ကို
နှိုင်း[ရှု]ချေ(မူ) ထွားပြား(ဖြူ)သည်…
မ(တူ)၏သို့ တူ၏သို့ ။
မို့မို့အာ(ကာ) မိုးဒေ(ဝါ)လျှင်
ဘယ်(ညာ)တောင်{မြောက်} လေပြည်{လှောက်]၍
ဖြိုး{မောက်]ရိုး[ရဲ] လျှပ်ပန်း[ကြဲ]လျက်
မ[စဲ]ညှင်း(ညှင်း) ကြူးတည့်(လျှင်း)၍
ပ(ဝင်း)လှည့်{လို} လွမ်းစိမ့်{ဆို}သို့
လေ{ချို }ပေါင်း[ညီ] ရုံးစု[ပြီ]မှ
မယ်[ဆီ]တူ(ရူ) သည်မိုး(ဖြူ )သည်…
က(လူ)၏သို့ မြှူ ၏သို့ ။ ။
(နဝဒေးကြီး)
၎င်းအဖြည့်ခံရတုတွင်-လင်္ကာစပ်နည်းခြောက်မျိုးမှ(၄-၃-၂/ ၄-၁/ ၄-၂)
စသဖြင့်အဆင်ပြေသလိုရောနှောစပ်သွားသည်ကိုသတိပြုပါ။
(မှတ်ချက်)
အချီစာကြောင်းများ၌-ညို့ညို့ပြာပြာ/မို့မို့အာကာဟုအချီတူယူထားပြီး
အချစာကြောင်းများ၌-
မတူ၏သို့ တူ၏သို့/ကလူ၏သို့ မြှူ၏သို့ ဟု
အချတူယူ၍စပ်ထားသည်။
ဥပမာ(၃)။ ။သာမညပိုဒ်စုံရတု
ညို့ညို့ပြာ(ပြာ) ဆင်းပြင်(လျာ)မူ
ပြစ်(မှာ)မ{သက်} ဆယ်နှစ်{သက်}က
ချော{ညက်}ညွှတ်[သွယ်] နတ်နှင့်[ဆွယ်]၍
[ရွယ်]လည်းရွယ်(ပျို ) (ညို)လည်းညို{ဝင်း}
ဖြူ {ရှင်း}ရော[ရု] နောင့်သက်[စု]ကို
နှိုင်း[ရှု]ချေ(မူ) ထွားပြား(ဖြူ)သည်…
မ(တူ)၏သို့ တူ၏သို့ ။
မို့မို့အာ(ကာ) မိုးဒေ(ဝါ)လျှင်
ဘယ်(ညာ)တောင်{မြောက်} လေပြည်{လှောက်]၍
ဖြိုး{မောက်]ရိုး[ရဲ] လျှပ်ပန်း[ကြဲ]လျက်
မ[စဲ]ညှင်း(ညှင်း) ကြူးတည့်(လျှင်း)၍
ပ(ဝင်း)လှည့်{လို} လွမ်းစိမ့်{ဆို}သို့
လေ{ချို }ပေါင်း[ညီ] ရုံးစု[ပြီ]မှ
မယ်[ဆီ]တူ(ရူ) သည်မိုး(ဖြူ )သည်…
က(လူ)၏သို့ မြှူ ၏သို့ ။
သို့သို့သာ(သာ) မယ့်နေ(ရာ)ကို
အာ(ကာ)မှိုင်း{ဝေ] နေ့တိုင်း{စွေ}က
သက်{ဝေ}မြ[ခဲ] သူ[ရဲ]ကြောင့်(သာ)
လွမ်းဗျာ(ပါ)မူ တိမ်(ပြာ)က{ကွက်}
တိမ်{နက်}မည်း[မို့] တိမ်ခြေ[ညို့]နှင့်
ထပ်[ပို့]မ(စဲ) ရွာသွန်း(ကြဲ)က
ပု(လဲ)ပ{မာ} ဆင်းက{လျာ}လျှင်
သ{စ္စာ}မြဲ[တူ] တလျက်[ရူ]သည်…
မ[ဖြူ ]၏သို့ ဖြူ ၏သို့ ။ ။
(နဝဒေးကြီးနှင့်ရှင်သူရဲ)
အဖြည့်ခံရတုကိုတစ်ပိုဒ်ထပ်မံဖြည့်စွက်ရေးပါကထိုကဲ့သို့ပိုဒ်စုံရတုဖြစ်လာသည်။
________________________________
၂။ သက်စေ့နှက်-သုံးချက်ညီ
*****************
သက်စေ့နှက်-သုံးချက်ညီဆိုသည်မှာလင်္ကာစပ်နည်းခြောက်ပါးအနက်(၄- ၃ -၂)ကာရန်စပ်နည်းတစ်မျိုးတည်းဖြင့်ညီညွတ်စွာစပ်ဆိုထားသောရတုကိုခေါ်ဆိုသည်။
ဥပမာ။ ။သက်စေ့နှက်-သုံးချက်ညီဧကပိုဒ်ရတု
တောစပ္ပါယ်(ဖြူ ) နွဲ့မူ(မူ)ငယ်
မ(ချူ )တင့်{ဆန်း} ချူ ချင့်{ပန်း}မို့
နွေ{ကျွန်း}သန်[ကူး] တောင်လေ[မြူး]သည့်
လ[ထူး]န(ယုန်) မိုးပ(ဇ္ဇုန်)တို့
ဟေ(ဝှန်)မြိုင်{တန်း} ပုလဲ{ပန်း}သို့
ပျံ{သန်း}ငွေ[မှုံ] ဆွတ်ဖြန်း[ခြုံ]လျှင်
ရ[ဂုံ]တစ်(ဝိုက်) တောစ(ရိုက်)နှင့်
အ(လိုက်)ရာ{သီ} ဖူးတံ{ချီ}၍
စီ{ရီ}ပန်း[နွယ်] ရနံ့[ကြွယ်]လျက်
ဖွယ်[ဖွယ်]ပျံ့(သင်း) တောင်လေ(ညှင်း)သည့်
ဖန်(ဝင်း)ငွေ{ဖြူ } လှကြူ {ကြူ }ကို
ဖိုး{လူ}ယာ[စောင်း] ပင်ထ[နောင်း]က
နွား[ကျောင်း]အ(ပြန်) ခူးမည်(ဖန်)သည်…
ဆက်(ရန်)မယ်ဘို့ပါတကား။ ။
(လက်ဝဲမင်းညို )
ကာရန်အားလုံးကို(၄-၃-၂)လင်္ကာစပ်နည်းတစ်မျိုးတည်းဖြင့်စပ်သွားသည်ကိုသတိပြုပါ။
ဥပမာ(၂)။ ။သက်စေ့နှက်သုံးချက်ညီပိုဒ်စုံရတု
ညွန့်လန်းရွှေဝါ ဘုန်းတော်ဖြာသား
စကြာပြောင်ရွှန်း မြတ်ထိပ်ပန်းလျှင်
လှူဒါန်းသီလ ပရိစဟု
ဓမ္မသုံးတန် အောင်တံခွန်ကို
မိုးစွန်ညွန့်လူ လွင့်တော်မူက
နတ်လူကြည်ရွှန်း ကောင်အောင်းမွန်း၍…
လေးကွန်းပိုင်တော် မူတော့မည်။
ပြန့်မွှန်းထွေဖြာ နေလဝါသို့
အာဏာလွှေ့ပတ် ရာမင်းနတ်လျှင်
ဖြောင့်မတ်စူးစူး နှစ်လုံးနူးလျက်
နှစ်ဦးအင်စည် ပုသ်ဆောက်တည်၍
သုံးမည်များမြောက် စကြာရောက်လျက်
ကျော်ခြောက်ပတ်ဝန်း ဘုန်းနံ့ရွှန်း၍…
အေးမွှန်းကြိုင်တော် မူတော့မည်။
ကွန့်ရွှန်းတေဇာ ဘုန်းပညာတည့်
စည်ဖြာလှိုင်ကျော် မြတ်ထိပ်ပေါ်လျှင်
စိတ်တော်မပျက် ဆံတံရွက်မျှ
နှိပ်စက်မရှိ သည်းခံချိလျက်
အဝိရောဓ ညီညွတ်ကလျှင်
ရန်စပျောက်ကျွန်း အောင်ညွန့်လန်း၍
မွှေးပန်းလှိုင်တော် မူတော့မည်။ ။
၎င်းပိုဒ်စုံရတုကို(အဖြည့်ခံဆိုသည်နှင့်လျှော်ညီအောင်အဖြည့်ခံဘို့ရန်)နောက်ဆုံးတစ်ပိုဒ်ကိုပယ်နှုတ်ထားလိုက်ပါလျှင်သက်စေ့နှက်သုံးချက်ညီအဖြည့်ခံရတုဖြစ်လာသည်။ထို့ကြောင့်သီးခြားမပြတော့ပါ။
________________________________
၃။ စကြာလည်
ပိုဒ်အစပထမဆုံးအချီစာကြောင်းမှအက္ခရာများကိုပိုဒ်အဆုံးအချစာကြောင်းတွင်ပြန်၍ရေးသားထားသောရတုကိုခေါ်သည်။
ဥပမာ။ ။စကြာလည်ဧကပိုဒ်ရတု
ရွှေမိုးညိုလွင် ရစ်သိုင်းဆင်သော်
ရှစ်ခွင်ပတ်ချာ နတ်တကာတို့
မဟာလမ္ဗရ ကက္ကဋနှင့်
စည်မ စည်သေး အသံပေးလျက်
မြည်ကြွေးခြောက်ခြိမ်း လျှပ်ရောင်စိမ်းလည်း
အေးငြိမ်းချမ်းသက် တစ်ချက်တစ်ခါ
ရောင်ဝါပြုန်းပြုန်း ပွင့်စည်တုန်းမို့
ချုန်းသည့်မိုးသံ မြေပတ်ခြံတွင်
နိယံဥတု ကြောင်းလေးခုကြောင့်
ရွက်နုညှာငုံ ဖြာဖြာပုံလျက်
အာရုံဆွတ်နူး ကြည်လင်မူးမျှ
ရှည်ကျူးအလွန် အတိတ်စွန်တွင်
မန်ဝန္တရာ ကပ်မဟာ၌
ဗြဟ္မာနတ်မျိုး တည်ထောင်ပျိုးသည်…
ရွှေမိုးညိုလွင် ခါတကား။ ။
၎င်းရတုတွင်'ရွှေမိုးညိုလွင်'ဟုအစချီ၍
'ရွှေမိုးညိုလွင် ခါတကား'ဟုအဆုံးပြန်ချသည်ကို
သတိပြုကြပါ။
ဥပမာ(၂)။ ။စကြာလည်ပိုဒ်စုံရတု
''အချစ်စိတ်''
တွေ့မြင်ခဏ ဘဝင်ခလို့
ရွှင်ပျသဒ္ဓါ ချစ်မေတ္တာနှင့်
ကြင်နာသွန်းဖြိုး မျှော်ရည်ကိုးကာ
မြတ်နိုးစိတ်မှာ ဖန်၍လာသည်
မခွါပေါင်းဖက် လက်ချင်းဆက်လို့
တွဲယှက်နေလို ဆန္ဒပြို၍
မငြိုစိတ်ထား ကြည်စိတ်ပွားလို့
ချစ်အားပိုခင် မောင့်ရင်ခွင်မှ
....တွေ့မြင်ခဏ ပါတကား ။
ပျိုခင်နှမ ပင်ကိုယ်လှကို
စိတ်မှသူ့သွင် စွဲမြဲထင်လို့
ပြန်မြင်ယောင်လာ ခင့်ကိုသာကွယ်
ကေသာပိတုန်း နက်မှောင်ထုံးနှင့်
ရွှင်ပြုံးမျက်နှာ ရွှန်းဝေဆာလို့
ချိုသာရစ်ဝဲ အကြည့်ရွဲတို့
အမြဲစိတ်တွင် ထင်ဟပ်မြင်တာ
....ပျိုခင်နှမ ပါတကား ။
မရွှင်မပျ ချစ်နာကျလို့
ဖွင့်ဟသိစေ ချစ်ခွန်းချွေသော်
ရွှန်းဝေစကား ပြောနေငြားလည်း
မောင့်အားမကြင် အပြစ်မြင်ကာ
ငြိုငြင်စိတ်ထား ရင်ဝယ်ပွားလို့
ရှောင်သွားဖယ်ခွါ စွန့်ပြစ်ပါသည်
မနာအသည်း ချစ်နေဆဲမို့
မစဲမောင့်ရင် မြဲနာကျင်လို့
....မရႊင္မပ် ပါတကား ။
အောင်ဌေး( ဥက္ကလာ)
၎င်းပိုဒ်စုံရတုကို(အဖြည့်ခံဆိုသည်နှင့်လျှော်ညီအောင်အဖြည့်ခံဘို့ရန်)နောက်ဆုံးတစ်ပိုဒ်ကိုပယ်နှုတ်ထားလိုက်ပါလျှင်စကြာလည်အဖြည့်ခံရတုဖြစ်လာသည်။ထို့ကြောင့်သီးခြားမပြတော့ပါ။
________________________________
၎။ တောင့်တဲ့တွန်
ရှေးရိုးလင်္ကာရေးနည်းကိုတမျိုးထွင်ပြီးလေးလုံးတလှည့်ငါးလုံးတလှည့်စီဖြင့်ရေးသားထားသောရတုကိုခေါ်သည်။
တောင့်တဲ့တွန်ရတုကိုရှေးပညာရှိများကဧကပိုဒ်နှင့်အဖြည့်ခံရေးသားခြင်းမရှိပါ။သို့သော်ရေးလိုကရေးနိုင်ပါသည်။ထို့ကြောင့်ပိုဒ်စုံကိုသာဖော်ပြပါမည်။
''ဖြူ စင်ရောင်ဝင်း လှမှန်ကင်း''
သုဝဏ်ပဘာ ရွှေကြာပွင့်ဖူးသစ်
ပျိုမျစ်မျစ်မူ ကျစ်လစ်တင့်စပ္ပါယ်
လှမျိုးကြွယ်သား ဆံသွယ်မြမြိတ်စို့
ဆင်းရောင်ပျို့ကို နတ်တို့ဆင်ထိုက်ဖန်
ဆင်းစုံကြန်တည့် အလွန်ရပေခက်
ဖြူ မြိတ်ရွက်နှင့် လက်လက်မြထိပ်ပြေး
ရွှေရည်ရေးသို့ ပျံ့မွှေးရွှေအင်္ကျီ
ရွှေထဘီနှင့် မျက်စီရွှေနားဍောင်း
နွဲ့နွဲ့နှောင်းမူ ရောင်မောင်းကွမ်းရည်ထွား
သက်တင်လားသို့ လက်ဖျားဒန်းနီရောင်
လှတန်ဆောင်မူ မျက်တောင်ကော့ကော့သေး
စုတ်ဖြင့်ရေးသို့ ကြူအေးကတိုးရည်
ထုံမျိုးချည်၍ နတ်ပြည်မိုးသူဇာ
ပျံသက်လာသို့ ရှုသာတင့်စနိုး
လှခေါင်မိုး၍ တင့်နိုးပြစ်မမြင်
နတ်ရုပ်သွင်သို့ ဖြူ သွင်ရွှေရောင်ဝင်း
လှမှန်ကင်းကို ညခင်းဆည်းဈာတွင်
ကျွန်ုပ်မြင်သည်…
ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။
ဒေဝစ္ဆရာ ပြင်လျာသင့်တင့်ရောင်
ရွှေကြက်တောင်ဝယ် လှခေါင်တင့်မျိုးလွတ်
ဆယ်နှစ်ပတ်လျှင် ရစ်ပတ်ခြူးမြှောင်စီ
ရွှေထဘီနှင့် အာနီသိန်းတန်မျိုး
ရွှေခါးကြိုးလည်း စံမျိုးနေ့တိုင်းပင်
အမြဲဆင်၍ ကျွန်းတွင်ဇမ္ဗူ လုံး
ပြိုင်တိုင်းရှုံးသည် ပြစ်လုံးကင်းဝေးစွာ
မိုးသူဇာသို့ ဆည်းဈာညရီတွင်
ကျွန်ုပ်မြင်သည်…
ရွှေရင်ဖုံးတုံ့ မဖုံးတုံ့။
ပဉ္စကလျာ ညို ပြာတင့်ဆန်းရောင်
ရွှေကြက်တောင်ဝယ် ဖြူရောင်ရထည်းဆွ
သွယ်ချေချ၍ ထွန်းပကိုယ်ရောင်ဝင်း
ပြာနွဲ့ရှင်းမူ ပျံ့ရှင်းနံ့သာပျောင်း
မမွေးတောင်းတည့် တင့်ကြောင်းမွှေးစပ္ပါယ်
ရှုချင်ဘွယ်တိ နိကာယ်ဆင်းရောင်မြေ့
ဆယ့်နှစ်စေ့ကို ကြံရွေ့သန်ရည်တွင်
မြင့်ကြာထင်ခဲ့ ပုံပြင်နတ်တူလျာ
ပြာနွဲ့ချောလျှင် တင့်မောလွန်ကျစ်လစ်
စုလည်းသစ်နှင့် ပြေပြစ်တင့်ဆုံဆည်း
မိညှက်ချည်းသည်…
စုလည်းထုံးတုံ့ မထုံးတုံ့။ ။
(ရှင်မဟာရဋ္ဌသာရ)
မှတ်ချက်-၄င်းရတုတွင်(၅-၃-၂)ကာရန်ယူပုံများကိုသတိပြုကြပါ။
________________________________
၅။ ကိုယ်ထွင်းပြည့်
အချီ-အချစာကြောင်းအားလုံးနှင့်ရတု၏ကိုယ်နှင့်တူသည့်အလည်စာကြောင်းများအားလုံးကိုပါကာရန်တူ(နဘေထပ်)ယူ၍စပ်ဟပ်ရေးသားထားသောရတုကိုခေါ်သည်။
ဥပမာ။ ။ကိုယ်ထွင်းပြည့်အဖြည့်ခံရတု
နားလည်လွယ်စေရန်အတွက်နှစ်ပိုဒ်ကိုဘေးချင်းယှဉ်၍ရေးပြထားပါသည်။
မိုးဘွဲ့
၁။ရှစ်တိုင်းဝါထိန် ၂။ရစ်ဝိုင်းပြာမှိန်
ခါအချိန်တွင် ဝါသဝိန်ရှင်
အာလိန်ရံဆင့် မာဃိန်သံလွှင့်
စောင်းကြိုးညှင့်သို့ ကောင်းကျိုးပွင့်လို့
ဒုံးမင့်ပတ်သာ ရုံးဆင့်မှတ်ကာ
တူရိယာနှယ် ဘူမိသာဝယ်
သံဝါချိုမြ တံတျာဖိုမ
ကျူးသီကြလျက် ဖူးစီဝလျက်
လောကဓါတ်ဘုံ ပြောပြဇာတ်ခုံ
သွက်သွက်ကြုံမျှ ဆက်လက်တုံမှ
ဝိဇ္ဇုမ္မာလီ ပိတ်မှုံဝါနီ
လျှပ်ရောင်ချီသော် ထပ်အောင်ညီသော်
ညီညီမျှမျှ ပြီပြီသသ
သွန်းလောင်းချလျှင် ခွန်းကောင်းစလျှင်
ပန်းမြမာလာ ထွန်းပဝါစာ
နွယ်တန်းဆာနှင့် မယ်ခန်းဝါနှင့်
ဇီဝါသက်ရှိ ဖီလာမြွက်ဘိ
သက်မရှိတို့ ကွက်မသိသို့
ပြုံးမိပြုံးချို ငုံးတိငုံးတို
ရွှင်လန်းပျိုသည် ကြင်ခွန်းဆိုသည်
မိုးဆိုမှနော်ရွှင်ပျသော်။ ကျိုးလိုမှနော်ကြင်ရသော်။
( ရှင်တေဇောဒီပ)
ဥပမာ(၂)။ ။ကိုယ်ထွင်းပြည့်ပိုဒ်စုံရတု
''အညက်စုဝေ လှညက်ခြေ''
၁။ မြရောင်သွယ်လျှံ
ကုံး၍ပန်လျက်
ဝင်းစံကြွေရွက်
ဖူးသစ်ထွက်သော်
အခက်မြုတေ
မြရွက်တွေ၏
ထုတ်ပေဖော်ပြ
သွယ်ဟန်လှနှင့်
မွှေးမြထုံလွတ်
ပန်းဖက်ဆွတ်ကို
ချိုးညွတ်ခုပင်
ကျွမ်းလတ်သင်၍
ကေရှင်သွယ်မြ
ဆင်တိစသည်
ညှာမြရွှေရည် အေးဘိသည်။
၂။ လှသွယ်ခေါင်စံ
သုံးရွေ့ရံလျက်
မင်းစံရွှေညက်
ဦးသစ်ခက်သော်
အညက်စုဝေ
လှညက်ချေ၏
နှုတ်ထွေတော်စ
ငယ်သံမြနှင့်
မှေးရရုံမြတ်
ထွန်းသတ်မှတ်လို့
ကျိုးလတ်ခုပင်
ကျွမ်းရပ်ပင်၍
နေဝင်ဝယ်စ
မြင်မိရသည်
ခါရဖွေနည် ရေးဘိသည်။
၃။ မြရွယ်တောင်ယံ
ရုံးတွေ့စံလျက်
တင်းသံစေခက်
ကြူးနှစ်သက်သော်
ပလျက်မြုတေ
မျှသက်ဝေ၏
ဟုတ်နေတော်စ
ကြယ်တန်လှနှင့်
သွေးချပုံနတ်
ရွှန်းညက်ထွတ်ကို
ညှိုးဆွတ်ရှုချင်
တမ်းလျက်မြင်၍
ရွှေစင်ဆယ်ဆ
ထင်ဘိကြသည်
ကာလထွေနည် သေးဘိသည်။ ။
(ရှင်မဟာရဋ္ဌသာရ)
ရတုချနည်းများစွာရှိသည့်အနက်မှအသုံးများသောခိုင်ညွန့်ခက်ဖြာ(၇လုံးချ)နည်းဖြင့်သာပြထားပါသည်။
လိုအပ်ချက်များရှိခဲ့ပါလျှင်ကျွန်တော့်၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။
မူရင်းရေးတင်သူ ဆရာ အောင်ဌေးအား လေးစားစွာဖြင့်
Credit. ပေးပါသည်
ဦးနန္ဒာစာရ (မုံရွာ)
No comments:
Post a Comment