အင်အားမဲ့၍ အစွယ်ကင်းသူ
ဖြစ်စေလိုသည်။
ပေးဆပ်သူသာ နာကျင်အမြဲ
သည်သံသရာ ဒီတစ်ကြိမ်သာ
နောက်ဆုံးဖြစ်ပါစေ။
Saturday, February 18, 2017
Wednesday, February 8, 2017
စက္ကန့်တို့၏ အဓိပ္ပာယ်
စက္ကန့်တိုင်း မိနစ်တိုင်းက
ဘာကြောင့် လေးလံလွန်းနေတာလဲ။
နာရီလက်တံတွေ
မရပ်တန့်သ၍
ငါ့မျှော်လင့်ချက်တို့
အမြဲထာဝရ ရှင်သန်နေဦးမှာပါ။
ခိုင်လေး(မန်းသား)
Saturday, February 4, 2017
သူခိုး
သူခိုး
××××
ခိုးလို့ရရင်ဖြင့် ခိုးချင်ရဲ့
ငါ့မှာလည်း မှီခိုသူတွေနဲ့ရယ်။
နာမည်ကြီးသူခိုး အိမ်အပြန်မျက်နှာမွဲတယ်
ငါက မင်းတို့ပြောတဲ့ သူခိုးလေ။
ခိုင်လေး(မန်းသား)
အမျိုးအစား = မော်ဒန်
ဆုတောင်း
ဆုတောင်း
**********
အမှောင်ဆိုတာ အလင်းအတွက်
ကျေးကျွန်ပဲလေ။
တနေ့မှာ အတောက်ပဆုံး
လင်းလက်ပြလိုက်ပါ။
အညတရ အချစ်က
အသိမှတ်ပြု မခံရလည်း
တနေ့နေ့မှာ မင်းချစ်ခြင်းတွက်
တခမ်းတနား အသိအမှတ်
ပြုခံရပါစေ။
အမှောင်ကအချစ်
ငါ့ဘဝက အမှောင်
မင်းဘဝက အလင်း
ငါဟာ မင်းအတွက် ကျေးကျွန်
အမှောင်ဆိုပြီး အရာမသွင်း
အမှောင်ဆိုတဲ့ ငါ့ဘဝ
တစ်နေ့ အလင်းထက်မှာ အတောက်ပဆုံးလင်းလက်ပြမယ်။
တစ်နေ့မှာ တခမ်းတနား ချစ်ပြမယ်။
မသန်သော်လည်း စွမ်းခဲ့သည်
" မသန်သော်လည်းစွမ်းခဲ့သည်"
********************************
( ၁)
ဟောင်းနွမ်းနေသည့် ဆာလာအိတ် တစ်လုံးအား ကျောတွင် သိုင်းပိုးလွယ်ထားသော ကောင်လေးတစ်ယောက်။ ကောင်လေး တစ်ယောက်ဆိုသော်လည်း အသက်အားဖြင့် ၉ နှစ်အရွယ်ခန့်ပင် ရှိသေးသည်။ အမှန်တော့ ကောင်လေးဟာ တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ပေါက်စေ့ လိုက်တောင်းရမ်းနေသည့် သူတောင်းစား ကောင်လေး တစ်ယောက် ဖြစ်သည်။ ကောင်လေးသည် အိမ်ပေါက်တစ်ခု ရောက်သည်နှင့် ပါးစပ်မှ ဝူးဝူးဝါးဝါး ပြောကာ လက်ကလေးဖြန့်၍ တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းသည်။ တောင်းရမ်းသည့် အထဲမှ ထမင်းနှင့် စားစရာများအား ကျွတ်ကျွတ်အိတ်ဖြင့် စုထည့်ထားသည်။ ပိုက်ဆံအကြွေလေးများ တောင်းရမ်းရလျှင်တော့ မျက်နှာ ဝင်းလက်လာကာ ဝမ်းသာအားရဖြင့် ကျောတွင် သိုင်းပိုးလွယ် ထားသည့် ဆာလာအိပ်ထဲသို့ ထည့်တတ်သည်။ ဆာလာအိတ်ပင် ပြည့်လုပြည့်ချင် ဖြစ်၍နေပြီ ဖြစ်သည်။
(၂)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ဘက်မှ အလောင်းတော်ကဿပဘုရားသို့ သွားရာ လမ်းနှင့် မနီးမဝေးတွင် တင်ဆုံဆိုသော ရွာလေးတစ်ရွာ တည်ရှိသည်။ ရွာအဝင်လမ်းတွင် အလောင်းတော်တောင်ပေါ်မှ စီးဆင်းလာသော တောင်ကျချောင်းလေး တစ်ခုရှိသည်။ ချောင်းဟု ဆိုသော်လည်း ပေသုံးရာကျော်ခန့် ကျယ်သည်။ ပုံမှန်အားဖြင့် ချောင်းရေသည် သိပ်မနက် ခြေသလုံး မြုပ်ရုံခန့်သာရှိသည်။ မိုးရာသီတွင် တောင်ပေါ် မိုးရွာပြီး ရေကျလာလျှင်တော့ ရင်စို့လောက် အထိ ရေကျလာတတ်သည်။ ထိုအချိန်များတွင် ရွာထဲသို့ ဝင်မရတော့သလို ထွက်၍လည်း မဖြစ်နိုင်တော့ပါ။ ရင်စို့လောက် ကျလာသော ရေမပြောနှင့် "ရေကျလာလျှင် တင်စုံချောင်းရေ တင်စုံရောက်လျှင် မကူးနှင့်" ဟု လူကြီးများ ပြောသည့်အတိုင်း ချောင်းရေ တင်ဆုံလောက်ကျလာလျှင် မည်သူမှ မကူးဝံ့တော့။ တင်ဆုံချောင်းရေ တင်ဆုံရောက်လို့ ချောင်းဖြတ်ကူးနေတုန်းများ လဲကျသွားခဲ့ပါက ပြန်ထ၍ မရဘဲ ချောင်းရေနှင့် အတူပါသွားပြီး အသက်ဆုံးရှုံးရသောကြောင့် ဖြစ်သည်။ ထိုသို့ကြောင့်လည်း ရွာကလေး၏ အမည်အား တင်ဆုံရွာဟု ခေါ်တွင်ခြင်းဖြစ်သည်။
(၃)
ဒေါ်စိန်သန်း ဆိုတာက တင်ဆုံရွာမှ မုဆိုးမ တစ်ဦးဖြစ်သည်။ ဘဝကို လူမမယ်သားလေး တစ်ယောက်နှင့် ဖြတ်သန်းနေရသူဖြစ်သည်။ သားဖြစ်သူမှာ မွှေးကတည်းက စကားမပြောတတ်သူ တစ်ယောက်ဖြစ်သလို ခြေတစ်ဘက်မှာလည်း မသန်ရှာသူ ဖြစ်သည်။ ဒေါ်စိန်သန်း တစ်ယောက် သားအမိနှစ်ယောက် စားဝတ်နေရေးအတွက် ရွာမှထွက်သော ဟင်းသီးဟင်းရွက်များအား မြို့တက်ရောင်းချရသော ဈေးသည်ဖြစ်သည်။ မြို့ပေါ်ဈေးသို့ နံနက်စောစော ထကာ စက်ဘီးဖြင့် ကုန်ပစ္စည်းများ တင်၍ သွားရောက် ရောင်းချရသည်။ နေ့လယ် မွန်းလွဲ တစ်နာရီ၊ နှစ်နာရီ လောက်မှ အိမ်ပြန်ရောက်သည်။ သူပြန်လာချိန်ဆို သားဖြစ်သူ သံချောင်းမှာ အမေဖြစ်သူအား ရွာထိပ် ချောင်းဘေးရှိ တဲလေးတွင် အကြိုစောင့်နေတတ်သည်။ အမေဖြစ်သူ အိမ်ပြန်ရောက်မှ နေ့လယ်စာ ထမင်းစားရသောကြောင့် ဖြစ်သည်။ မနက်စာ အစာပြေကိုတော့ အမေဖြစ်သူ ဈေးရောင်းမသွားခင် အကြမ်းခဲနှင့် အကြော်လေး ပြင်ပေးထားခဲ့တတ်သဖြင့် သံချောင်း အိပ်ယာ နိုးသည်နှင့် စားရုံပင်။ နေ့ခင်းစာတော့ အမေဈေးပြန်မှ စားရသည်။
(၄)
ညနေ နေရောင်ခြည် ပျောက်လု အချိန်လောက်တွင် တင်ဆုံရွာထဲတွင် ခွေးဟောင်သံများ ဆူညံနေသည်။ ရွာထဲမှ ခွေးများသည် ပုံမှန်အားဖြင့် ရွာထဲသို့ လူစိမ်းမဝင်ဘဲ မဟောင်တတ်။ အခု ရွာထဲကို လူစိမ်းဝင်လာလို့များလား။ ခဏအကြာတွင် ကျွန်တော်လူစိမ်းဟု ထင်ထားသူမှာ ဆာလာအိတ် တစ်လုံးအား ကျောတွင် သိုင်းပိုးလွယ်ထားသော ၉ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်နေသည်။ ကောင်လေးသည် ကျွန်တော်အိမ်သို့ပင် တန်းတန်းမတ်မတ် ဝင်လာသည်။ ကျွန်တော့် အနားရောက်သည်နှင့် လက်အား မပြောမဆို ကိုင်ကာ ပါးစပ်မှ ဝူးဝူးဝါးဝါး အော်ကာ အတင်းဆွဲခေါ်သည်။ ကျွန်တော်လည်း ရုတ်တရက် ဆိုတော့ ကောင်လေးဆွဲခေါ်ရာ လိုက်သွားမိသည်။ အိမ်ပေါက်ဝ ရောက်သည်အထိ ဒီကလေး ငါ့ကို ဘယ်ကို ခေါ်ချင်တာပါလိမ့်၊ ဒီဝူးဝူးဝါးဝါး အော်သံမျိုး ငါရင်းရင်းနှီးနှီး သိပါတယ်။ စဉ်းစားကြည့်သည်၊ စဉ်းစားမရ။ ဘယ်မှာ ရင်းနှီးတာပါလိမ့်။ စဉ်းစားရင်း ကောင်လေးခေါ်လာရာ လိုက်လာမိသည်။ ရွာထိပ်ရောက်မှ ချောင်းဘေး ခေါ်လာသည်ကို သိသည်။ ဘာများရှိလို့ပါလိမ့်။ ကျွန်တော်နောက်ကို ပြန်လည့်ကြည့်မိတော့ ရွာထဲမှ ရွာသား သုံးလေးယောက်ခန့်မှ တုတ်ဓါးများဖြင့် "သူကြီး...သူကြီး" ဖြင့် အော်ဟစ်လိုက်လာ ကြသည်ကို မြင်ရသည်။ ချောင်းဘေး အရောက်တွင် ကောင်လေး၏ ခြေလှမ်းများရပ်တန့်သွာကာ ဆွဲထားသောလက်ကို လွှတ်ပြီး ချောင်းကို လက်ညိုးထိုးပြီး ပါးစပ်မှ ဘာမှန်းမသိသော စကားလုံးများဖြင့် ပြောနေသည်။ သူပြောသော စကားအား ကျွန်တော်နားမလည်သောအခါ ကျောတွင်လွယ်ထားသော ဆာလာအိတ်အား ချကာ ချောင်းကို လက်ညိုးထိုးပြီး လက်နှစ်ဘက်ကို ဆက်ပြ၍ ဝူးဝူးဝါးဝါး ပြောသည်။ ရွာသားများမှာလည်း အနားရောက်လာသော်လည်း ကောင်လေးလုပ်ပြသည်ကို ရပ်ကြည့်နေကြသည်။ ကျွန်တော် နားမလည် သေးသည်ကို ကောင်လေးသိပုံရသည်။ ချထားသော ဆာလာအိတ်လေးကို ကြိုးဖြည်ပြီး သွန်ချလိုက်သည်။ ဆာလာအိတ်ထဲမှ အမျိုးသမီးဝတ် အင်္ကျီတစ်ထည်နှင့် ဟောင်းနွမ်းနေသော ငွေစက္ကူများ ထွက်ကျလာသည်။ ကောင်လေးမှ ငွေစက္ကူများအားကောက်ကာ ကျွန်တော်လက်ထဲ ထည့်ပေးပြီး ချောင်းအား လက်ညိုးတထိုးထိုးဖြင့် လက်နှစ်ဘက်ကို ဆက်ပြမှ ကျွန်တော် သဘောပေါက်ကာ " သားက ချောင်းကို တံတားလုပ်စေချင်တာလား" မေးမှ ခေါင်းငြိမ့်ပြသည်။ှကောင်လေးမျက်နှာအား သေချာကြည်ကာ ဝူးဝူးဝါးဝါး ပြောတဲ့စကားကို စဉ်းစားရသွားသည်။ ဒီ ဒီကောင်လေးက လွန်ခဲ့တဲ့ လေးနှစ်ကျော်ခန့်က ရွာမှပျောက်သွားသည့် စိန်သန်းသား သံချောင်းပဲ။ ကျွန်တော်ဝမ်းသာအားရ ရွာသားများဘက်လှည့်ကာ "ဟေ့ကောင်တွေ စိန်သန်းသား သံချောင်းလေကွာ၊ သူ့အမေ ဆုံးကတည်းက ရွာကပျောက်သွားတဲ့ သံချောင်းလေကွာ"
ရွာသားများမှလည်း သေချာကြည့်ကာ
"ဟုတ်တယ် သူကြီး သံချောင်းဗျ သံချောင်း ဒီကလေး ဘယ်ပျောက်နေတာလဲ၊ ခုမှ ပြန်လာတော့တယ်"
"အေးကွ အခုပြန်လာတာ သံချောင်းက ငါတို့ လူကြီးတွေတောင် မတွေးတဲ့ ရွားထိပ်က ချောင်းကို တံတားလုပ်ချင်လို့ပြန်လာတာကွ၊ ငါတို့ကတော့ ချောင်းကို ချောင်းရေကျလာရင်မကူးဘူး၊ ရေမကျမှကူးမယ်ဆိုပြီး တံတားဆောက်ဖို့တောင် မတွေးမိခဲ့ဘူးကွာ၊ ဒီစကားမပြောတတ်တဲ့ လူမမယ်ကလေးလေးက တံတားဆောက်ဖို့ လုပ်ပြတော့ ငါတို့တွေ ရှက်ဖို့ကောင်းလိုက်တာကွာ"
ကျွန်တော်တို့ အားလုံးသံချောင်းကို ကြည့်မိတော့ သံချောင်းသည် ရေအနည်းငယ်စီးနေသော ချောင်းအားကြည့်ကာ မျက်ရည်များ စီးကျနေသည်ကို တွေ့ရသည်။ ကျွန်တော်၏ အတွေးတို့သည်လည်း လွန်ခဲ့သော လေးနှစ်ခန့်က သံချောင်းတစ်ယောက် မိုးထဲလေထဲ ကျွန်တော့်အိမ်သို့ပြေးလာပြီး ယခုလိုလက်ဆွဲကာ ဝူးဝူးဝါးဝါး အော်ကာ ချောင်းဘေးသို့ခေါ်လာသည့် အချိန်သို့ ရောက်သွားသည်။
(၅)
မနက် ရှစ်နာရီလောက်ကပင် သည်းသည်းမဲမဲ ရွာနေသောမိုးမှာ ညနေ သုံးနာရီ ထိုးသည်အထိ ရွာကောင်းနေဆဲ။ မိုးအေးအေးနှင့် အကြမ်းရည်လေ သောက်နေတုန်း ရွာထဲမှ စိန်သန်းသား သံချောင်းတစ်ယောက် မိုးရေစက်လက်ဖြင့် ပြေးလာကာ ကျွန်တော်လက်အား အတင်းဆွဲခေါ်ပါတော့သည်။ စကားမပြောတတ်သူ ဖြစ်၍ ဘာဖြစ်လို့လဲ မေးမရသည့်အတွက် သံချောင်းဆွဲခေါ်ရာသို့ လိုက်ခဲ့သည်။ ရွာသားများအားလည်း ကျွန်တော်အော်ဟစ် ခေါ်ဆိုခဲ့သည်။ သံချောင်းခေါ်လာသည်က ရွာထိပ် ချောင်းဘေးသို့ ဖြစ်သည်။ သံချောင်းမှ တောင်ကျမိုးရေများ အရှိန်ပြင်းစွာ စီးကျနေသော ချောင်းအားလက်ညိုးကာ အော်ဟစ်ငိုနေပါသည်။ သံချောင်းဘာကို ပြောလိုချင်မှန်း ကျွန်တော်တို့ အားလုံးနားမလည်ပါ။ ချောင်း တစ်ဘက်ကမ်းကို လှမ်းကြည့်မိတော့ ချောင်းတစ်ဘက်တဲလေးထဲတွင် သံချောင်းရဲ့ အမေ စိန်သန်း၏ စက်ဘီးလေးထောင်ထားသည်ကိုသာ မြင်ရသည်။ စိန်သန်း၏ အရိပ်ယောင်ပင် မတွေ့ရ။ သံချောင်းကတော့ ချောင်းကိုသာ လက်ညိုးတထိုးထိုးဖြင့် သူတစ်ယောက်သာ နားလည်သည့် စကားများဖြင့် အော်ဟစ်ငိုကြွေးနေပါသည်။ ကျွန်တော်တို့လည်း သံချောင်းပြောသော စကားများကို နားမလည် မိုးကလည်း သည်းလွန်းနေ၍ သံချောင်းကိုသာ ရွာသို့ အတင်းပြန်ခေါ်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်မှာတော့ မနေ့က သံချောင်း ဘာပြောချင်သည်ဆိုတာကို စီးကျလာသော ကျွန်တော်တို့ မျက်ရည်များနှင့်အတူ နားလည်သွားသည်။ ကျွန်တော်တို့ မျက်ရည်များ စီးကျ ငိုကြွေးနေချိန်တွင် သံချောင်း တစ်ယောက် လုံးဝ ငိုကြွေးခြင်း မရှိတော့။ ချောင်းကွေ့ သဲသောင်တွင် တင်ကျန်နေသည့် အမေဖြစ်သူ၏ အသက်မဲ့ ခန္ဓာအား စိုက်ကြည့်နေပါသည်။ စိန်သန်း တစ်ယောက် သားဇောဖြင့် ရေကျနေသော ချောင်းအား ဖြတ်ကူးစဉ် ချောင်းရေနှင့် အတူပါသွားပုံရသည်။ အမေဖြစ်သူ ချောင်းရေနှင့် ပါသွားသည်ကို မြင်လိုက်ရ၍ သံချောင်းမှ ရွာထဲပြေးလာပြီး အမေဖြစ်သူအား ကယ်ပေးဖို့ အကူအညီ တောင်းခဲ့သော်လည်း သူပြောသော စကားများအား မည်သူမျှ နားမလည်ခဲ့။ အခု သံချောင်း မျက်ရည် မကျ၊ မငိုကြွေးတော့တာ ကျွန်တော်တို့ကိုများ စိတ်နာသွားတာလား။ ငိုစရာ မျက်ရည် မရှိတော့တာလား ကျွန်တော် မတွေးနိုင်တော့ပါ။
ခိုင်လေး(မန်းသား)
ကိုယ်တိုင်ရေးစာမူ ဖြစ်ပါသည်။