Friday, November 25, 2016

ကျီးလိုအာရမလို

" ကျီးလိုအာရမလို"
~~~~~~~~~~~~~

"ဖဲဝိုင်း" ဖဲဝိုင်းဆိုလို့ ချိန်းဝိုင်းတော့ မဟုတ်။ ရွာထဲရှိ နာရေးတစ်ခု၏ ဖဲဝိုင်းတွင် ဖြစ်သည်။ နာရေး ဖဲဝိုင်း စကတည်းက တိုးကြီး တစ်ယောက် နာရေး အိမ်သို့ ရောက်နေချင်း ဖြစ်သည်။ ဖဲကစား ဝါသနာ ထုံလွန်းတော့ နာရေးအိမ်ကပင် မပြန်။ ညဘက် ဝိုင်းထိုင်လိုက်။  မိုးလင်း နာရေးအိမ်ကူလိုက်နှင့် အိမ်ပင်မပြန်။ အိမ်က မိန်းမနှင့် သားသမီးတောင် သတိမရ။ မပြန်ဆို ဖဲကလည်းကောင်း၊ နာရေးရှင်ကလည်း ညဘက်ဝိုင်း လူစည်အောင် ဧည့်ခံ အရက်၊ ကွမ်း၊ ဆေးကလေးနှင့်ဆိုတော့ တိုးကြီးတို့ အဆင်ပြေနေသည်။
နောက်နေ့ဆို နာရေးက ရက်လည်တော့မည်။ နာရေးရှိတုန်း ဖဲက ရိုက်ရတာ။ လောင်းကစားလုပ်တာ လူကြီးက မကြိုက်။ တခါတလေ မိသားစုတွေ အပျော်တောင် ဆော့လို့မရ။ ဒီနေ့ည တော့ ဝိုင်းကို စောစော စရမည်။ တစ်ဝိုင်းလုံးက ရှိသမျှ ပိုက်ဆံ သိမ်းမည်ဟု တိုးကြီး တစ်ယောက် တွေးထားသည်။
ညနေ ဝိုင်းစလို့မှ မကြာသေး တိုးကြီးနှင့် အိမ်းနီးချင်း ဖြစ်သူ ငထွန်း ရောက်လာပြီး တိုးကြီးအနား ကပ်ကာ " တိုးကြီး မင်းမိန်းမက ဒီညတော့ အိမ်ပြန်လာဦးတဲ့၊ မလာရင် ငတ်တော့မယ်တဲ့"
"အာ ဒီမိန်းမကလည်း တခါတလေ ငတ်တာတောင် မခံနိုင်ဘူး၊ ဒီမှာ ယောက်ျားလုပ်သူ နေ့မအိပ်၊ ညမအိပ် ပိုက်ဆံ ရှာနေတာ မသိဘူး၊ မင်းပြန်ရင် ငါ့စီက ပိုက်ဆံ ယူသွား၊ ငါ့မိန်းမ ပေးလိုက်ကွာ"
"အေးလေကွာ တိုးကြီး မင်းကလည်း ဖဲများ ရိုက်နေရရင် အိမ်က မိန်းမ ကျီးထိုးထိုး၊ လဒထိုးထိုး ပစ်ထားတော့တာကိုး"
ဝိုင်းထဲတွင် ဖဲအတူ ကစားနေသော ကျော်မြင့်မှ ထပြောလိုက်လေရာ

အိမ်နီးချင်း ငထွန်းမှ " ကျော်မြင့်ရာ မင်းပြောမှပဲ ငါတို့က ကျီးလို အာပြရမလို ဖြစ်နေပြီ"

ငထွန်း စကားလည်းဆုံးရော တိုးကြီး တစ်ယောက် မပြောမဆို ဖဲဝိုင်းမှ ထကာ အိမ်သို ပြန်ပြေးတာများတန်းလို့။

                           ခိုင်လေး(မန်းသား)

Friday, November 18, 2016

သူ့ကြောင့်

သူ့ကြောင့်

�� သူ့ကြောင့် ကိုယ်ငိုရဖူးသည်
      သူ မချစ်၍မဟုတ်
      သူ ချစ်လွန်း၍သာ …

��သူ့ကြောင့် ကိုယ်ကြည်နူးဖူးသည်
     သူ ဖန်တီး၍မဟုတ်
     သူ ဖစ်နေ၍သာ …

��သူ့ကြောင့် ကိုယ်ဝမ်းနည်းရဖူးသည်
     သူ နားမလည်၍မဟုတ်
     သူ ခွင့်လွှတ်တတ်၍သာ …

��သူ့ကြောင့် ကိုယ်ပျော်ရွှင်ဖူးသည်
     သူ ပြည့်စုံ၍မဟုတ်
     သူ ဖြည့်ဆည်းပေးနိုင်၍သာ …

�� သူ့ကြောင့်
      ကိုယ်ဆုံးဖြတ်ချက်ချခဲ့သည်
      ကိုယ်သည် သူ့အတွက်မျှသာ …

(ကိုယ်ဆိုးသမျှ သည်းခံပေးလို့ ကျေးဇူးပါ )

                                             တံ(ုန်)တုံ(န်)

Tuesday, November 15, 2016

သူခိုးကြီးည

သူခိုးည ( လုံးဝ )မဟုတ်​ပါ
~•~•~•~•~•~•~•~•~•~•~•~•~•
တန်​​ဆောင်​မုန်းလပြည့်​ညသည်​ သူခိုးည
လုံးဝမဟုတ်​ပါ။
တန်​​ဆောင်​မုန်းလပြည့်​ညသည်
ဗုဒ္ဓဘာသာဝင်​တို့၏ ​နေ့ထူး​နေ့မြတ်​ဖြစ်​ပါသည်​။
မြတ်​စွာဘုရားသည်​ အဇာတသတ်​        ရှင်​ဘုရင်​အား သာမညဖလ သုတ်​​တော်​ကို
ဟော​တော်​မူ၍ ဘုရင်​နှင့်​တကွ ​နောက်​ပါ
ပြည်​သူ ( ၁ ) သိန်းခန့်​ ဗုဒ္ဓဘာသာဖြစ်​တဲ့
ညကြီးပါ။
ဒီလိုကြီးကျယ်​ခမ်းနားတဲ့ ဗုဒ္ဓဘာသာ
နေ့ကြီးကို မသမာသူများက စုပ်​ပြတ်​​အောင်​ သူခိုးညဆိုပြီး နာမည်​တပ်​လိုက်
တော့ အမှန်​တရား ​ပျောက်​ကွယ်​သလို
ဖြစ်​သွားပါတယ်​။
~•~•~•~•~•~•~•~•~•~•~•~•~•~•

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)
~•~•~°~•~•~•~•~•~•~•~•~•~•~•

လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားမျာူ ရှင်လိင်ပြန်ကြရ၀ယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား၊
မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ သူရင်းငှားများ
စသော လူယောက်ကျားတို့သည် မင်ထိုးကြလေသည်။

ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည် တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်
တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့်အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။

ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။

ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။

ဒီဘက်​​ခေတ်​​ရောက်​လာ​တော့
တန်​ဘိုးရှိပစ္စည်း​တွေကို တကယ်​ ခိုးလာကြတယ်​။

လမ်း​တွေ​ပေါ်မှာ ကျက်​သ​ရေမင်္ဂလာ
မရှိ​အောင်​ ရုပ်​ပျက်​ ဆင်းပျက်​ ဆိုင်းဘုတ်
တွေ ဖြုတ်​ချ ၊ အရက်​ ဘီယာ အစားအ​သောက်​​တွေ ပလူပျံ​အောင်​ ပြန့်​ကျဲ​နေတယ်​။

အ​ပျော်​က​နေ အပျ က်​ဘက်​ကို ဦးတည်​လာကြတယ်​။

အမှန်​တရားကို ဗုဒ္ဓဘာသာ မြန်​မာလူမျိုး
တွေ သိ​စေချင်​ပါတယ်​။
Credit= Tiger Thaung

Monday, November 14, 2016

သူငယ်ချင်း

သူငယ်ချင်းရေ (သုမောင်)
-----------------------------

သူငယ်ချင်းရေ ...

ကြောက်ပါနဲ့ကွယ်။ ကြောက်တယ်ဆိုတာ ကြောက်စရာ ကောင်းမှ ကြောက်ရတာပါ။ ငါက ကြောက်စရာ ကောင်းတဲ့ သူမှ မဟုတ်ဘဲ။ အေး ... ချစ်စရာ ကောင်းတဲ့လူ တစ်ယောက် ဆိုတာ ကမ္ဘာပေါ်မှာ မင်း အသိဆုံးပါကွယ်။ ဟေ့ ... ခုတော့ ရှက်မနေပါနဲ့။ ငယ်ကြတော့တာမှ မဟုတ်တာ။

မတွေ့တာ ကြာလို့ မင့်ဗိုက်ခေါက် နည်းနည်း ထူလာတာ၊ ဆံပင် ဖြတ်ထားတာ၊ လက်မောင်း နောက်သားတွေ တွဲကျနေတာ ... အဲဒါတွေကြောင့် နင့်ကို မမှတ်မိတော့ဘူးလို့ မထင်လေနဲ့။ မရဘူး သူငယ်ချင်း။ ငါက မှတ်ချင်ရာကို မှတ်ထားတတ်တဲ့ ကောင်။ မေ့ချင်ရာကို မေ့ထားတတ်တဲ့ အရက်သမား။ ပြောရဦးမယ်။ ငါ့ 'သောက်ကျင့်' က တော်တော် ဆိုးနေပြီ။ တခြား ချော်မတွေးနဲ့။ သောက်တဲ့ အကျင့်ကို ပြောနေတာ။ ခုဆို ငါဟာ အရက် မသောက်ဘဲ ကားမောင်းလို့ မရတော့ဘူး။ မသောက်ရရင် ခြေတုန်လက်တုန်နဲ့။ ပြီးတော့ စောစောက ပြောသလို မှတ်ချင်ရာကို မှတ်မိနေတတ်တယ်။

ခု နင်ဝတ်ထားတာက လူတစ်ကိုယ်လုံး မြွေကြားတစ်ကောင် ပတ်ထားသလို အပေါ်အောက် ဝမ်းဆက်နဲ့ ... ။ နင့်အင်္ကျီက လည်ပင်း တော်တော် ဟိုက်နေတယ်။ အောက်ခြေ ထဘီအကွဲက ဒူးအထက် ရောက်နေတယ်။ လမ်းလျှောက်တဲ့အခါ မသိမသာ ဘေးဘက် ကားနေတယ်။ မဟုတ်ပါဘူး ...။ ဒါတွေကို မှတ်မိတာ မဟုတ်ပါဘူး။ မှတ်မိတာကို ပြောပြမယ်။ နင် ငါတို့ ကားရှေ့ကနေ လမ်းလျှောက်လာတော့ ဘာရယ် မဟုတ်ဘဲ ငါ ဖျတ်ခနဲ ကြည့်လိုက်တယ်။ ဒါက ငါတို့ တက္ကစီသမားတွေရဲ့ မျက်လုံး အကျင့်ပဲ။ အလုပ်ကိစ္စအတွက် ကြည့်နေကျကိုး။ ဒီမှာတွင် နင့်ကိုငါ ချက်ချင်း မှတ်မိသွားတယ်။ ဟုတ်တယ်။ လည်ပင်းရဲ့ အောက်ခြေတည့်တည့် ညှပ်ရိုးနှစ်ချောင်း ကြားက ရင်ညွှန့်မှာ လက်သည်းခွံလောက် ရှိတဲ့ မှည့်ကြီး တစ်လုံးလေ။

ဒါဟာ နင့်ရဲ့ ထရိတ်မတ်ပဲ မဟုတ်လား။ ငါ တွေ့ဖူးသမျှ မိန်းမတွေထဲမှာ တော်တော်ရှားတဲ့ အမှတ်လက္ခဏာပေါ့။ (ဒီမှည့်ကြောင့် နင်နဲ့ငါ စပြီး တွေ့ကြတာကိုတော့ ပြန် မပြောချင်တော့ပါဘူး) အေး အဲဒီ မှည့်ကြီး မြင်လိုက်တာနဲ့ နင့်ရုပ်ကို ငါပြန်ဖမ်းမိ သွားတော့တာပဲ။ နင့်ရုပ် တော်တော် ပြောင်းသွားတယ်နော်။ ဒါပေမဲ့ လှတော့ လှတုန်းပဲဟ။ ငယ်ငယ်တုန်း ကလို ဝန်းဝန်း ပြည့်ပြည့်လေး မဟုတ်တော့ပေမယ့် ဝိုင်းဝိုင်း ပြဲပြဲကြီး လှနေတာ။ တစ်ခုတော့ ငါ ချီးကျူးတယ်ဟေ့။ နှာခေါင်းရင်း လောက်ထိ ဆက်လုဆက်ခင် ဖြစ်နေတဲ့ နင့်မျက်ခုံး နှစ်ခုကတော့ ခုထိ မပြောင်းသေးဘူး။ နင်တို့လို လူမျိုးတွေဟာ မျက်ခုံးမွေးတွေ နုတ်ပစ်ရတယ်ဆို။

ဟဲ့ ဟဲ့ ... ဘာလို့ ရှောင်ပြေးရတာလဲ။ မဟုတ်ဘူးလေ။ ငါ့ရှေ့ရောက်မှ ဘာဖြစ်လို့ ချာခနဲ လှည့်ထွက် သွားရတာလဲ။ နင်ရယ်မှ မဟုတ်ဘူး ငါတို့ ကားသမားတွေဟာ နင့်လိုမျိုး မိန်းမတွေ တွေ့ရင် "ညီမ ဘယ်သွား မလို့လဲ" လို့ မေးနေကျပါ။ နင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ နင်ကလည်း ငါ့ကို ချက်ချင်းကြီး မှတ်မိသွားတယ် မဟုတ်လား။ ငါသိပါတယ်။ သာလိကာရယ်။

ရယ်တော့ ရယ်စရာညကောင်းတယ်။ နင် ငါ့ကို တွေ့လို့ ထွက်ပြေးပုံက တစ်မျိုးကြီးပဲ။ ငယ်ငယ်ကဆို ငါနဲ့တွေ့လို့ နင်ထွက်ပြေးပုံက သစ်ကိုင်းကျိုးသံ ချောက်ခနဲ ကြားလို့ ထွက်ပြေးတဲ့ ယုန်ကလေးလို။ ခုဟာက လူတွေ လိုက်ရိုက်လို့ ထွက်ပြေးတဲ့ မြွေကြီးလို။

နင် ငါ့ကို ဘာလို့ ကြောက်သွား ရတာလဲ။ ငါက ဒရိုင်ဘာပဲ။ အငှားယာဉ်မောင်းနဲ့ ခရီးသည်လို စိတ်သန့်သန့် ထားနိုင်ရင် ပြီးတာပဲ မဟုတ်လား။ ခုတော့ နင်က ငါ့ကို ဒရိုင်ဘာလို့ သဘောမထားဘဲ ထွက်ပြေးတယ်။ နင် မရိုးသားဘူးဟေ့။

တကယ်ဆို နင်မစီးချင်ရင် ခေါင်းခါ ပြလိုက်ရုံပေါ့။ စီးမယ်ဆိုလည်း သွားမယ့်နေရာ ပြော ဈေးဆစ်ပေါ့။ မတတ်သာတဲ့ အဆုံးကျတော့လည်း ဟီးဟီး ဟဲဟဲနဲ့ ရူးသလိုလို ပေါသလိုလို နေလိုက် ပြီးတာပဲဟာ။ ခုတော့ နင့်ဟာက ...

ဒါပေမဲ့ ဘယ်ရမလဲ၊ နင်လည်း ငါ့အကြောင်း အသိသားနဲ့ ကားပေါ်က ဆင်းပြီး နင့် နောက် လိုက်ခဲ့တာပေါ့။

ဘာလဲ။ နင်က ရှက်တယပေါ့ ဟုတ်လား။ ငါပါဟာ တခြား ယောက်ျားတွေတောင် မရှက်ဘဲ ငါ့မှ ရှက်နေတယ်လို့။

"ဟေ့ကောင် (ခေါ်နေကျအတိုင်း ငါခေါ်တာ) နင် ဘယ်သွားမလို့လဲ"

နင် ပြန်မဖြေဘူး ...။ နံဘေးနံဘီကို ကျီးကန်းတောင်းမှောက် ကြည့်တယ်။ ကြည့်မနေနဲ့ဟေ့။ ငါ့ဝန်းကျင်မှာ တက္ကစီသမားတွေ ချည်းပဲ။ ဘာမှ ရှက်စရာ မလိုဘူး။

ငါ သိပါတယ်ဟာ။ နင် ငါ့ကို သံယောဇဉ် မကုန်သေးပါဘူး။ ဒါကြောင့် မထူးဇာတ် ခင်းပြီး နင့်လက်ထဲက ခြင်းတောင်းကို ငါဆွဲယူ လိုက်တယ်။ နင်လည်း ပြူးပြူးပျာပျာနဲ့ ငါ့နောက်ကို ပြန်လိုက်ခဲ့တယ်။ ကားရှေ့ခန်းမှာ ဝင်ထိုင်တယ်။

အောင်မယ် ... ကားထွက်လို့ ဓာတ်တိုင် တစ်တိုင် မပြည့်သေးဘူး။ နင့်အချိုးက ပြောင်းပြီ။ စောစောက ကြောက်တာ၊ ရှက်တာတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ ဘာတဲ့။

"နင် မကောင်းဘူးဟာ" တဲ့။

"ငါလည်း ခရီးသည် မျှော်နေတာ။ ငါ ဒီနေရာမှာ အမြဲ ဂိတ်ထိုးတယ်။ နင့်ကိစ္စ ရှိရင်လည်း ဒီကိုလာခဲ့၊ ငါ့ကားနဲ့ပဲ သွားပါ။ ငါ့ကားက စိတ်ချရပါတယ်"
"အေးပါ နောင်ဆိုရင် နင့်ကားပဲ အမြဲသုံးမယ်။ ခုတော့ ရုတ်တရက်ကြီး ပြန်တွေ့ရတာ ဆိုတော့"
"နင်ကလည်း မမေ့သေးဘူး ဆိုပါတော့"
"တစ်ခါတလေတော့ သတိရပါတယ်ဟာ"
"ဘာလဲ မောင်အရင်လို မဟုတ်တော့ဘူးပေါ့လေ"

ပြောပြောဆိုဆို နင်က ငါ့ပခုံးကို လှမ်းပုတ်တယ်။ နင့်လက်သည်းတွေက ရွှေရောင် ဆိုးဆေးတွေနဲ့။ ဒါပေမဲ့ အရေပြားတွေ နည်းနည်း တွန့်နေတယ်။ ငါ စိတ်မကောင်းပါဘူးဟယ်။

ငါမှတ်မိသေးတယ်။ နင့်အိမ်က ငါနဲ့ သဘောမတူဘူး ပြောလို့ ငါ့ပခုံးပေါ် မျက်နှာအပ်ပြီး ငိုခဲ့တာ။ နင့်လက်ကလေးကို ငါကိုင်ပြီး ချော့ခဲ့တာ။ အဲဒီတုန်းက နင့်လက်ကလေးတွေက ဖောင်းအိလို့၊ လှလိုက်တာ။

"ငါတို့ နောက်ဆုံး တွေ့ခဲ့တဲ့ ညက ငါက ပြောတယ်လေ။ နင့်ကို သနားတယ်လို့"
"အေးလေ ငါလည်း နင့်ကို သနားတယ်။ ငါနဲ့ တစ်ခါတည်း လိုက်ခဲ့ပါလားလို့"
"အေးနော် ... အဲဒီတုန်းကသာ ငါ နင့်နောက် လိုက်ခဲ့ရင် ခုဆို ငါဟာ အနည်းဆုံး ဒရိုင်ဘာကတော် လောက်တော့ ဖြစ်နေပြီ"

ငါတို့ တစ်ယောက် လက်ကို တစ်ယောက် ကိုင်လိုက်ကြတယ်။

"ဟယ် နင့်လက်ဖဝါးက ကြမ်းနေပါလား။ ငါတောင် တွန့်သွားတယ်"

ပြီး နင်က တခစ်ခစ် ရယ်တော့ နင့်လည်ချောင်းသံက ခြောက်ကပ်ကပ်ကြီး ပါလား။

"နင် မှတ်မိသေးလား။ အဲဒီ ညက ငါ့တစ်ကိုယ်လုံး နင့်ကို ပုံအပ်တော့ နင်က ပြောတယ်လေ။ အချစ်ဆိုတာ ရယူခြင်း မဟုတ်ဘူး။ စွန့်လွှတ်ခြင်းတဲ့"
"အေးလေ အဲဒီတုန်းက ငါက စာရူး ကဗျာရူးကိုး"
"ခုတော့ကော"
"မော်တော်ကားရူး ဖြစ်နေပါပြီဟာ"

တို့ ရယ်ကြတယ်။ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောကြရတာ အိပ်မက်ထဲမှာ ခွေးကိုက်ခံရ သလိုပဲ။ မနာပေမဲ့ အော်နေရတယ်။

"ကိုင်း ဆို နင့်ကို ဘယ်လိုက်ပို့ရမလဲ"
"အိမ်အထိတော့ လိုက်မပို့ပါနဲ့ဟာ။ နင်တို့ ကားသမားတွေက မိတ်ဆွေ ပေါတယ်။ ငါသွားမယ့် အိမ်က နင့်အသိ ဖြစ်နေရင် ခက်မယ်"
"သိတော့တာ ဘာထူးမှာလဲ"
"ရှက်တယ်ဟ"
"အလကား နောက်တာပါဟာ ကိုင်း နင်ဘယ်နား ဆင်းမလဲ"
"ဝင်ဒါမီယာထိပ်မှာပဲ ဆင်းမယ်"

ဦးဝိစာရ လမ်းတစ်လျှောက်လုံး ငယ်ငယ်က အချစ် အကြောင်းတွေ ပြောလာခဲ့ကြတယ်။ ကန်တော်မင် ပန်းခြံနား ရောက်တော့ နင်က ငါ့ပေါင်ကို လှမ်းပုတ်ပြီး "မှတ်မိသေးလား" လို့ မေးတယ်။ ငါက တွန့်သွားတော့ နင် ခုထိ ယားတတ်တုန်းလားတဲ့။ နင်က မှတ်မိသားပဲနော်။

သံလွင်လမ်းထိပ်မှာ ကားရပ်တော့ ငါ့ပါးကို လှစ်ခနဲ တစ်ချက်နမ်းပြီး နင်ကားပေါ်က ဆင်းတယ် ...။

"ဟေ့ ... နေဦးလေ"
"ဘာလဲဟ"
"ကားခ"

နင် ပထမ အံ့ဩသွားတယ်။ နောက်တော့ မထေ့တထေ့ ပြုံးတယ်။

"ဘယ်လောက်လဲ"
"သူများတွေ ဆိုရင်တော့ နှစ်ထောင်လောက် ယူတယ်။ နင်တော့ ... ကြည့်ပေးပါဟာ"

နင့်လက်ထဲက ငါးရာတန်ကိုပဲ မျက်စိမှိတ် ယူလိုက်ရတယ်။ ပိုက်ဆံကို ကားအဖုံးထဲ ထည့်ပြီး နင့်ကို လှည့်ကြည့်လိုက်တော့ နင် ကျောခိုင်း ထွက်သွားပြီ။ ငါ့မှာ စကားတွေ ကျန်သေးတယ်ဟာ။ ဒါပေမဲ့ နင့်ကို လှမ်းပြီး မခေါ်တော့ပါဘူး။

ငါသိပါတယ်။ တကယ်လို့ နင် လိုင်းကားစီးပြီး လာရင် အလွန်ဆုံးကုန်လှ နှစ်ရာပေါ့။ ခုတော့ နင် ငါးရာ ကုန်သွားပြီ။ ငါလည်း တစ်ထောင် နစ်နာသွားပြီ။ တကယ်တော့ နင် ငါးရာ ကုန်သွားတာ မဟုတ်ပါဘူး။ ငါက နင့်ကို တစ်ထောင် ပေးလိုက်တာပါ။ ဒါပေမဲ့ဟာ အဲဒီ ငွေတစ်ထောင်ဟာ ငါတစ်ယောက်တည်းက ပေးလိုက်တာ မဟုတ်ပါဘူး။ ငါရယ်၊ ငါ့မိန်းမရယ်၊ ငါ့သားသမီး သုံးယောက်ရယ် ပေါင်းပြီး နင့်ကို ပေးလိုက်တယ်လို့ မှတ်ပါ။ ငါတို့ ဟာ ဘဝတူတွေပါဟာ။ ငယ်ငယ်က သူငယ်ချင်း၊ အရွယ် ရောက်လာတော့ ချစ်သူ၊ ခုတော့လည်း စီးပွားဖက်တွေပေါ့နော်။

---------
သုမောင်
(ကိုစံလွင်-မစော ဝတ္ထုတိုများ)

====

Saturday, November 12, 2016

နွေ

ပင်လုံးရယ်နီ လက်ပံရယ်ဖြိုင်
နွားကျောင်းသားငယ် ပုလွေသာညှင်း
ဥသြငှက်ငယ် တွန်ကျူးပါလို့
နွေဦးရယ်ရောက်ပါပေါ့။

လေရူးပွေချိန် ရောက်ပြီမို့လေ
ပိတောက်ရယ်ကြို တမာသင်းတဲ့
အညာကိုလွမ်းမိတယ်။

နွေရောက်ပြီလေ။

ဆုံမှတ်

လမ်းခွဲခြင်းက တိတ်ဆိတ်နေတယ်
မဆုံနိုင်မှန်း သေချာနေခဲ့ပြီလေ

မျက်ရည်မကျခဲ့ဘူး
တစ်ချိန်မှာ ဆုံမှတ်ဆိုတာရှိခဲ့ရင်

ငါတို့ပြန်ဆုံဦးမှာပါ။

                        ခိုင်လေး(မန်းသား)

နှင်းဆီ

နှင်းဆီ
~~~~~~

နီဝါနက်ဖြူ
ရောင်စုံရယ်ဖူးသစ်
အားအင်ပြည့်ဖြင့်
ခူးဆွတ်လာသူ
ကာကွယ်မယ့်ဆူး
ပင်လုံးရယ်ပြည့်
လက်လှမ်မည်ပြင်
နောက်တွန့်၍သာနေတော့တယ်။

                                              ခိုင်လေး

အလယ်မောင်း

««««« အလယ်မောင်း»»»»»

ရွာအဝင်လမ်းတွင် ဖုန်လုံးတလှိမ့်လှိမ့်ဖြင့် တဒိုင်းဒိုင်း မောင်းဝင်လာသည့် ထော်လာဂျီသံကြောင့် တစ်ရွာလုံး ဆူညံသွားသည်။ အိမ်ခြေ ရာဂဏန်းမျှသာ ရှိသော ရွာကလေးတွင် တခုခုဆိုလျှင် တမဟုတ်အတွင်း သတင်းစကား ပျံ့နှံ့သွားသည်ပင်။ ထော်လာဂျီမောင်းလို့ ရွာထဲဝင်လာသူက ကျွန်တော်တို့ ရွာရဲ့ ရွာဆော်ကြီးဟု တစ်ရွာလုံးက ခေါ်သော ကာလသားခေါင်း  မောင်မြင့်။ ရွာကထွက်သွားတုန်းက ကားဝယ်မယ်ဆိုပြီး တစ်ရွာလုံး တစ်ညလုံး ကလေး၊ ခွေး မကျန် နားဆူအောင် ဆော်အောသွားတဲ့
ရွာဆော်ကြီး၊ အခုဝယ်လာတော့လည်း ထော်လာဂျီ။ ရွာဆော်ကြီးကရွာမှာ ရွာမျက်နာဖုံး
သူဌေးစားရင်ဝင်၊ သာရေးနာရေး ရှေ့ဆုံးက အမြဲထိပ်ကနေခဲ့သူ။ ဒါကြောင့်လည်း ရွာဆော်ကြီးအမည်တွင်နေသူ။ ငယ်အမည်ပျောက်ပြီးရွာဆော်ကြီး အမည်ရနေသူဖြစ်သည်။
ခုလည်းကားမဝယ်ပဲ ထော်လာဂျီဝယ်လာသည်။ ဘာတွေကြီးကြီးကျယ်ကျယ် ပြောဦးမယ် မသိ။
သူ့ထော်လာဂျီနောက်က ကလေးရောခွေးရော လိုက်လာ လိုက်ကြတာ တသီတတန်း ရှင်လောင်းလှည့်နေသလို။ လိုက်လာမှာပေါ့ သူထော်လာဂျီမောင်းလာတာလည်း ကြည့်ဦးလေ။ မောင်းလာပုံက ဟိုခွေ့ဒီခွေ့ဖြစ်နေပုံက နွားရိုင်းတစ်ကောင် ရွာထဲဝင်လာလို့ ခွေးဝိုင်းဆွဲသဖြင့် ပက်ပြေးနေသလိုဖြစ်နေတော့ နောက်ကလိုက်လာတဲ့ ကလေးတသိုက်က တဝါးဝါး၊ တဟားဟား၊ ခွေးတွေကတော့ မမြင်ဘူးတဲ့ အထူးအဆန်း သတ္တဝါတစ်ကောင်ကို မြင်လိုက်ရလို့ သဲသဲမဲမဲ လိုက်ဟောင်နေတာကိုး။
ထော်လာဂျီက တည့်တည့်မသွား
မောင်းလာတဲ့ လမ်းတစ်လျှောက်က ခြံစည်းရိုးတော်တော်များများလည်း ဝင်သမ လာပုံ အလျော်တောင်းရန်အတွက့် လိုက်လာသူတွေက တစ်စု။

"ဟိုက် ... တိုက်ပဟ "

"ဒုန်း...... ဝုန်း"

"ဟိုက် ..လဲ ...လဲပြီ"

"ဟေ့ကောင် "

" ငါ့ခြံစည်းရိုး တိုက်မိသွားပြီကွ"

" ရပါတယ်.. ကိုရင်ထွန်းခင်ရာ"

" ဟိုမှာ တွေ့လား၊ နောက်ကအဖွဲ့နဲ့သာ လိုက်ခဲ့တော့"

ဟန်ကျပြီ ခြံစည်းရိုးကလည်း နောက်နှစ်ဆို လဲရတော့မှာ၊ ဂွင်လေးကြုံတုန်းသမလိုက်မှ၊ လက်ကျန်လေးပါ လှဲပလိုက်မယ်။

"ွရွာဆော်ကြီးရာ ... ထော်လာဂျီမောင်းတာ ဖြေးဖြေးလုပ်မှပေါ့၊ အခုတော့ အကုန်တိုက်မိကုန်ပြီကွာ၊ ပြန်ပြင်ခိုင်ရရင်လဲ တစ်ရွာတည်းသားချင်းမကောင်းဘူး"

ကိုရင်ထွန်းခင် ပြောပြောဆိုဆို လဲနေတဲ့ခြံစည်းရိုး မသလိုလိုဟန်ဆောင်ကာ ကျန်တာလေးပါ ဆွဲလှဲပစ်လိုက်သည်။

" ဟာ လဲပကွာ၊ အကုန်ကို လဲကုန်တာကွ"

"ရတယ် ကိုရင်ထွန်းခင်လုပ်မနေနဲ့
အကုန်အသစ်ပြန်လုပ်ပေးမယ်"

"အေးကွာ အားတော့နာတယ်၊ ကိုယ့်တစ်ရွာတည်းသားချင်းဆိုတော့၊ ပြန်လုပ်ပေးမယ် ဆိုတော့လည်း၊ ကျေးဇူးတင်ပါတယ်ကွာ"

"ဒါနဲ့ မင်းပြောသွားတော့၊ ကားသွားဝယ်တာဆို၊ အခုဘယ်နှယ် ထော်လာဂျီကြီးဝယ်လာရတာလဲ"

" ဟုတ်တယ် ကိုရင်ထွန်းခင်ရေ"

" အစသွားတုန်းက ထော်လာဂျီဝယ်ဖို့ အစီစဉ်မရှိပါဘူး၊ ရွာနဲ့ မြို့ကို လိုင်းလေးပြေးပေးဖို့၊ ကားလေးဝယ်မလို့ပဲဗျာ၊ ကျုပ်တို့ ရွာမှာကသိတဲ့အတိုင်းပဲ မြို့ကိုဈေးဝယ်သွားဖို့၊ ကားလမ်းမ ရောက်အောင် လှည်းနဲ့တဆင့်သွားရသေးတာမလား၊ ကားလမ်းရောက်လို့ မပြီးသေးဘူး၊ မြို့ကိုဈေးသွားဝယ်ပြီးရင်လည်း တစ်ခါလှည်းနဲ့ ကားလမ်းမှာစောင့်ကြိုရသေးတယ်၊ အဲဒီလို ပို့လိုက်ကြိုလိုက်နဲ့ အလုပ်တွေရှုပ်လွန်းလို့ ကားလေးဝယ်ပြီး ရွာနဲ့မြို့ကို ပြေးမလို့ ကားသွားဝယ်တာဗျာ"

" ဒါဆိုရင် မင်းက ကားမဝယ်ပဲ၊ ဘာလို့ ထော်လာဂျီကြီးဝယ်လာ ရတာလဲကွ"

" ဒီလိုဗျ ကျုပ်မြို့ကို ရောက်ပြီး ကားပွဲစားတမ်းကို မြို့ကကျုပ်အသိနဲ့ ကားသွားရှာတယ်၊ ကားတွေလည်း တွေ့ပါတယ်၊ ဝယ်မယ်ဆိုဝယ်ရပြီ၊ ခက်တာက ကားပွဲစားတွေဗျ"

~~~       ~~~      ~~~    ~~~~

ရွာဆော်ကြီးတစ်ယောက် ကားဝယ်မယ်ဆိုပြီးမြိုတက်လာခဲ့သည်။ ကားပွဲစားတန်းထဲ အသိတစ်ယောက်အကူအညီနှင့် ကားတစ်စီးပြီးတစ်စီး စိတ်ကြိုက်လိုက်ကြည့်သည်။ စိတ်တိုင်းကျ ကားတွေတော့တွေ့သည်။ မဝယ်ဖြစ်။ မဝယ်ဖြစ်ဆို ဒီကားကြိုက်လို့ဝယ်မယ်လုပ်တော့ ပွဲစားတစ်ယောက်က

" အကိုအဲကားမဝယ်နဲ့၊ အဲကားကညာမောင်းကြီးဗျ"

"ညာမောင်းကဘာဖြစ်လို့လဲဆိုတော"
့" အကိုမသိဘူးလား နောက်ဆိုလမ်းပေါ်မှာ ဘယ်မောင်းတွေပဲ နေရာယူတော့မယ်လေ၊ အစိုးရက ဘယ်မောင်းတွေပဲ တင်သွင်းခွင့်ပြုတော့မယ်တဲ့၊ အကိုဝယ်ပြီးလို့ ပြန်ရောင်ချင်ရင် ရောင်းရခက်မှာစိုးလို့ စေတနာနဲ့ ပြောတာပါ၊ အကိုဝယ်ချင်လဲဝယ်ပါ"

ဟိုကားကြိုက်လို့ဝယ်မယ်လုပ်တော့လည်း ပွဲစားပဲ။

" အကို အဲဒီကားကထိထားတာ၊ အဲဒီကားလိုပုံစံတူရှိတယ်။ ကားကဘာမှပြောစရာမရှိဘူး အလတ်ကြီး၊ အကုန်အော်တွေကြီးပဲ"

ကားဝယ်လက်လုရင်း ပွဲစားအချင်းချင်း စကားများကုန်သည်။ ကားတွေးလည်း တစ်စီးပြီးတစ်စီး လိုက်ကြည့်လိုက်၊ ဟိုပွဲစားက ဟိုလိုပြော၊ ဒီပွဲစားက ဒီလိုပြောနဲ့
ဘယ်မောင်း၊ ညာမောင်းနဲ့တင် တစ်စီးမှမဝယ်ဖြစ်ပဲ ရွာဆော်ကြီးတစ်ယောက် ကားမဝယ်ဖြစ်တော့ပဲ ပွဲစားတန်းမှ ပြန်လာခဲ့သည်။
အတော်လည်းစိတ်ပျက်သွားသည်။ ရွာကထွက်လာတုန်းက ကားဝယ်ဖို့ အခုကားကမဝယ်ဖြစ်တော့ ရွာမှာကြွားလုံးထုတ်ခဲ့သမျှ ကားမပါဘဲ ရွာထဲဘယ်လိုပြန်ရမှန်းမသိတော့။

စဉ်းစားကြည့်သည် ဘယ်လိုလုပ်ရင်ကောင်းမလဲ ရရာကားပဲဝယ်ပြန်ရမလား။ ဝယ်ပြန်ရင်လဲ ဘယ်မောင်း၊ ညာမောင်းကရှုပ်ဦးမည်မှာ သေချာသည်။ ကားပွဲစားများစကားလည်းမယုံကြည်နိုင်ဖြစ်နေသည်။

" အင်း ......ဟုတ်ပြီ.... အကြံရပြီ၊ ဒါပဲဝယ်သွားရမယ်၊ ရွာနဲ့လည်းအဆင်ပြေတယ်"

ဘာအတွေးပေါက်သွားသည်မသိ
ပွဲစားတန်းမှနေပြီး စက်မှုဇုန်ဘက် ထွက်သွားလေသည်။

~~~~       ~~~~~~~      ~~~~~~~

"အဲဒါပဲဗျ...ကိုရင်ထွန်းခင်ရေ"

"ကျုပ်ကားမဝယ်ဘဲ၊ ထော်လာဂျီဝယ်လာတဲ့အဖြစ်က"

" မင်းဟာက၊ မဟုတ်သေးပါဘူး၊ ကား ဘယ်မောင်း၊ညာမောင်းရှုပ်တာနဲ့၊ မင်းထော်လာဂျီဝယ်လာတာနဲ့၊ ဘာဆိုင်လို့လဲ၊ သေချာရှင်းစမ်းပါဦးကွာ"

" ဒီလိုလေဗျာ၊ ကျုပ်တွေးတာက၊ အစိုးရက ကားသာမထုတ်နိုင်တာ၊ သူများနိုင်ငံက တင်သွင်းတဲ့ကားတောင်၊ ဘယ်မောင်းညာမောင်းရွေးနေတယ်လေ"

"ကျုပ်ဘယ်မောင်းပဲဝယ်ရမလို၊ ညာမောင်းပဲဝယ်ရမလိုဖြစ်နေတာနဲ့၊ နောက်ဆုံး ရွာနဲ့လည်းအဆင်ပြေ၊ ဘယ်မောင်းလဲမဟုတ်၊ ညာမောင်းလဲမဟုတ်၊ အလယ်တည့်တည့်ကမောင်းတဲ့ အလယ်မောင်းထော်လာဂျီပဲ ဝယ်လာခဲ့တာဗျ"

"ထော်လာဂျီတောင် မိတ်အင် ချိုင်းနားပဲရခဲ့တယ်၊ မိတ်အင်မြန်မာရှာမရလို့"

" အေးကွ မင်းပြောမှပဲ ငါသတိရတယ် ငါလဲမြို့မှာ ငါ့သမီးကျောင်း သုံးဖို့ကွာ အေဖိုးဆိုလား၊ ဘာလားကွာ၊ အဲစာရွက်ထုပ်ဝယ်တာ၊ ဈေးကြီးလို့ ပြည်တွင်းဖြစ်မရှိဘူးလား မေးမိပါတယ်၊ ဆိုင်ရှင်ကဘာပြန်ပြောတယ်မှတ်လဲ"

"ဘာပြန်ပြောလို့လဲဗျ"

" ဆိုင်ရှင်က ဦးလေးမြန်မာဖြစ်အေဖိုးစာရွက်မပြောနဲ့၊ တစ်ရာဖိုးလေးချောင်းဝယ်ရတဲ့ အဝတ်ချုပ်အပ်တောင်မရှိဘူးတဲ့"

" ငါတောင်ယောင်ပြီး မီးခိုးတလူလူထွက်နေတဲ့ စက်မှုဇုန်ဘက်လှမ်းကြည့်မိသေးတယ်၊ ဒီလောက်များတဲ့စက်ရုံတွေထဲမှာ၊ အပ်လုပ်တဲ့ စက်ရုံလေးတစ်ရုံတောင်မပါဘူးလားပေါ့"

"် ငါတောင်နိုင်ငံခြားသွားပြီး၊ စာရွက်လုပ်တဲ့ပညာ၊ အပ်လုပ်တဲ့ပညာ၊ သွားသင်ပြီး ဒီမှာစက်ရုံထောင်လိုက်ရင် ချမ်းသားမှာသေချာတယ်"

" ဟုတ်သားပဲ ကိုရင်ထွန်းခင် တရုတ်ပြည်ပညာတော်သင်သွားပါလားဗျ"

" တော်ပါပြီကွာ ငါစကားအဖြစ်ပြောတာပါ၊ အသက်လဲကြီးပြီ မသွားနိုင်တော့ပါဘူး"

"ငါ့သားသမီးတွေ ပညာတတ်တွေဖြစ်မှပဲ၊ လေယာဉ်ပျံတို့၊ ကားတို့ မတီထွင်နိုင်ရင်နေပါစေ၊ အပ်လေးလုပ်တတ်တဲ့ အင်ဂျင်နီယာ ဖြစ်အောင်ပဲလုပ်ခိုင်းတော့မယ်ကွာ"

" ကဲကဲ အခုတော့၊ ရွာဆော်ကြီးရဲ့ အလယ်မောင်းလေး သမလိုက်တဲ့ စည်းရိုးလေးပြန်လုပ်ပေးဦး"

" တက်ဗျာ ကိုရင်ထွန်းခင်၊ အလယ်မောင်းပေါ်၊ အဲဟုတ်ပါဘူး ယောင်ကုန်ပြီ၊ ထော်လာဂျီပေါ်တက်၊ အိမ်လိုက်ယူ"

" ကျုပ်ထဲပါလာသမျှက လမ်းကြေး(အလျှော်)ရှင်းခဲ့လို့ကုန်ပြီ"

တဒိုင်း.....ဒိုင်း....တထုတ်....ထုတ် အော်ကာ ရွာဆော်ကြီးရဲ့အလယ်မောင်းလေး ရွာလယ်လမ်းမအတိုင်းထွက်သွားပါတော့သည်။

                           ခိုင်လေး(မန်သား)
Photo=#credit Facebook